
အမေရိကန်က စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျော်ရေး အပါအဝင် ၎င်းတို့ တောင်းဆိုထားသည့် အချက်များကို လိုက်လျောခြင်းမရှိပါက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည် မဟုတ်ဟု အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) က သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အရေးပါသော စွမ်းအင်လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားမှုကြောင့် မဟာမိတ်နိုင်ငံများ စိုးရိမ်မကင်းဖြစ်ခဲ့ရပြီး ဈေးကွက်များကို ဂယက်ရိုက်ခတ်စေကာ စွမ်းအင်ဈေးနှုန်းများကို လည်း မြင့်တက်စေခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ်ထားရှိသည့် သဘောထားနှင့်ပတ်သက်၍ ၎င်းင်အနေဖြင့် "အေးအေးဆေးဆေးပင် ဆောင်ရွက်နေသည်ဟု" ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့ပြီး စီးပွားရေးအားဖြင့် အီရန် ကျပ်တည်းလာချိန်အထိ စောင့်ဆိုင်းနိုင်သည်ဟု ဆိုသည်။
အီရန် အစိုးရသည် စစ်ပွဲအပြီးတွင် ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ခွင့်ကို ဆက်လက်ရယူထားရန် တောင်းဆိုထားပြီး ဖြတ်သန်းသွားလာခများ ကောက်ခံလိုနေသည်။ ထို့အပြင် ၎င်းတို့သတ်မှတ်ထားသည့် လမ်းကြောင်းကို ရှောင်ကွင်းရန် ကြိုးပမ်းသည်ဟု စွပ်စွဲကာ သင်္ဘောများကို ထပ်မံတိုက်ခိုက်လျက်ရှိသည်။
စစ်ပွဲမဖြစ်ပွားမီက လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ခဲ့သည့် အဆိုပါ ရေလမ်းကြောင်းအတွင်း တိုက်ခိုက်မှုများကြောင့် ဧပြီလက ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ပျက်ခဲ့ရသည်။
ကြားဝင်စေ့စပ်သူများကမူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် လမ်းခင်းပေးခဲ့သည့် ဇွန်လ နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်များအတိုင်း နှစ်ဖက်စလုံး ပြန်လည်လိုက်နာရန် တိုက်တွန်းထားကြသည်။
အီရန် အမျိုးသားလုံခြုံရေးကောင်စီသည် ရေလက်ကြားကို ပြန်ဖွင့်ရန် စစ်ပွဲအား စစ်မျက်နှာအားလုံးတွင် ရပ်ဆိုင်းရေး၊ အီရန်ဆိပ်ကမ်းများကို အမေရိကန် ပြန်လည်ပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေး၊ ပိတ်ဆို့အရေး ယူမှုများ ရုပ်သိမ်းရေး၊ ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေးနှင့် စစ်ပွဲကြောင့် ပျက်စီးမှုများ အတွက် လျော်ကြေးပေးရေး အပါအဝင် စည်းကမ်းချက်များကို ဩဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု တက်ဆနင်း (Tasnim) သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ စည်းကမ်းချက်များသည် အီရန်အတွက် ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ထူထောင်ရန် လျာထားချက် ပါဝင်သည့် ဇွန်သဘောတူညီချက်ပါ စည်းကမ်းချက်များနှင့် ထပ်တူကျနေသည်။
အီရန်တော်လှန်ရေးအစောင့်တပ်က "ရန်သူက ငါတို့ရဲ့ စည်းကမ်းချက်အားလုံးကို လက်ခံတဲ့ အထိပိတ်ဆို့ထား မှုကို ဆက်လက်ထိန်းထားရန် မဟာဗျူဟာချမှတ်ထားကြောင်း၊ အခုအခါ ဒီရေလက်ကြားဟာ ငါတို့အတွက် ရေလမ်းကြောင်းမဟုတ်တော့ဘဲ တကယ့် စစ်နယ်ဝန်းဖြစ်နေပါပြီ" ဟု ဩဂုတ် ၉ တွင် ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမှုကြောင့် အမေရိကန်မဲဆန္ဒရှင်များအတွက် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာလတွင် ကျင်းပမည့် သက်တမ်းလတ်ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် သမ္မတထရန့်အတွက် နိုင်ငံရေးအရ ခေါင်းခဲစရာ ဖြစ်လာခဲ့သည်။
သို့သော် အမေရိကန်ခေါင်းဆောင်သည် ဩဂုတ် ၉ ရက်က Axios သတင်းဌာနကို ပြောကြားရာတွင် အကောင်းမြင်သည့် သဘောထားကို ပြသခဲ့သည်။
"ကျွန်တော်တို့က ဒါကို ခပ်အေးအေးပဲ ဆောင်ရွက်နေပါတယ်" ဟု အင်တာဗျူးတစ်ခုတွင် ထရန့်က ပြောကြားခဲ့သည်။
ထို့အပြင် "ကျွန်တော်တို့ကသူတို့နဲ့ တစ်ဝက်တစ်ပျက်ပဲ ဆွေးနွေးနေတာပါ။ အီရန်ရဲ့ အလွန်မြင့်မားနေတဲ့ ငွေကြေးဖောင်း ပွမှုနဲ့ သူတို့ဆီမှာ ပိုက်ဆံမရှိတော့တဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ" ဟု ၎င်း၏ ပြောဆိုချက်ကို Axois က ကိုးကားဖော်ပြထားသည်။
"အဲဒါဟာ အလုပ်ဖြစ်ပါလိမ့်မယ်။ စစ်တုရင်ကစားပွဲလိုပါပဲ" ဟုထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက အီရန်သည် အမေရိကန်နှင့် ကြားဝင်စေ့စပ်သူများမှတစ်ဆင့် "သတင်းစကားများ ဖလှယ်ခြင်း"ကိုသာ ပြုလုပ်နေသည်ဟု ဩဂုတ် ၉ ရက်စောစောပိုင်းက ပြောကြားခဲ့သည်။
Ref:AFP ,AFP photos