
ဂါဇာကမ်းမြောင်ဒေသနှင့်ပတ်သက်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အချက် ၁၅ ချက်ပါ အစီအစဉ် ကို အစ္စရေးက ငြင်းပယ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့သည်။
ထို့ပြင် ဟားမာ့စ်အဖွဲ့အနေဖြင့် အမှန်တကယ် လက်နက်စွန့်လွှတ်ခြင်းမရှိသရွေ့ အစ္စရေးစစ်တပ်ကို ရုပ်သိမ်းမည်မဟုတ်ကြောင်းလည်း နေတန်ယာဟုက ဆိုသည်။
ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာဒေသတွင်းရှိ ဟားမာ့စ်နှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများ အလုံးစုံ လက်နက်ဖြုတ်သိမ်းရေးအတွက် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့်လက ပြောကြား ခဲ့သည်။
သို့သော် ဟားမာ့စ်အဖွဲ့ကမူ ၎င်းတို့၏ လက်နက်ကြီးများကို လွှဲပြောင်းပေးရေးသည် အစ္စရေးဘက်က ရန်လိုသည့် လုပ်ရပ်များအားလုံးကို အဆုံးသတ်ပြီး ဂါဇာဒေသမှ စစ်တပ်များကို ရုပ်သိမ်းပေးမှုအပေါ်၌သာ မူတည်ကြောင်း ပြောကြားခဲ့သည်။
ဩဂုတ် ၉ ရက်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက အမေရိကန် ကျောထောက် နောက်ခံ ပြု ဂါဇာ ငြိမ်းချမ်းရေး စီမံကိန်းသည် ရှေ့ဆက်လျှောက်လှမ်းရမည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် ဆက်လက် တည်ရှိနေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အစ္စရေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးကို သဘော တူညီခဲ့သော်လည်း ထိုအချိန်မှစပြီး ဂါဇာတွင် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်ခဲ့သည်။
"အစ္စရေးအနေနဲ့ ဒီအချက် ၁၅ ချက်ပါ စာတမ်းကို ပယ်ချပါတယ်" ဟု နေတန်ယာဟုက ဩဂုတ် ၉ ရက်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့အနေဖြင့် အမှန်တကယ် လက်နက်မစွန့်မချင်း မည်သည့် တပ်ရုပ်သိမ်းမှုကိုမျှ ပြုလုပ်မည် မဟုတ်ဘဲ အစ္စရေးစစ်တပ်သည် မိမိတို့ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအပေါ် ခြိမ်းခြောက်မှုများကို ဆက်လက်တားဆီးသွားမည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
အစ္စရေး၏ ယခုကဲ့သို့ ပယ်ချမှုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကြေညာခဲ့သော ထရန့်၏ ဂါဇာငြိမ်းချမ်း ရေး စီမံကိန်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
အဆိုပါ စီမံကိန်းတွင် သဘောတူညီချက် အကောင်အထည်ဖော်မှုကို ကြီးကြပ်ရန် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းရေး၊ ဟားမာ့စ်အဖွဲ့၏ လက်နက်များ ဖြုတ်သိမ်းရေး၊ အစ္စရေးတပ်များ ရုပ်သိမ်းရေးနှင့် ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတို့ ပါဝင်သည်။
Ref: BBC