Eleven Media Group

■ မြောက်ကိုရီးယားတပ်သား ၅၀,၀၀၀ အထိ ရုရှားသို့ လွှတ်လိမ့်မည်ဟု ယူကရိန်းသမ္မတဆို

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရုရှားနိုင်ငံသို့လွှတ်ပြီး ရုရှားဘက်မှ ကူတိုက်ခိုင်းလိမ့်မည်ဟု ဩဂုတ် ၈ ရက်က ​​ပြောကြားလိုက်ကာ ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် တောင်ကိုရီးယား အကူအညီကို လိုအပ်နေသည်ဟု တောင်းဆိုလိုက်သည်။

X လူမှုကွန်ရက်တွင် ယူကရိန်းသမ္မတက ​ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသတင်းအချက်အလက် မည်သို့ရသည်ဆိုသည်ကို ဇယ်လန်းစကီးက ထုတ်မ​ပြောခဲ့ပေ။ ယူကရိန်းနိုင်ငံအတွင်း မြောက်ကိုရီးယားဒုံးကျည်အချို့ကို တွေ့သည်ဟုလည်း ဇယ်လန်းစကီးကဆိုသည်။

ဇယ်လန်းစကီး၏ မှတ်ချက်တွင် “မြောက်ကိုရီးယားဟာ ခေတ်မီစစ်ပွဲ အတွေ့အကြုံတွေကို ရလာမယ်။ ရုရှားဆီကနေ နည်းပညာလိုင်စင်တွေနဲ့ စစ်လက်နက်အမျိုးမျိုးကိုလည်း ရမှာသေချာတယ်” ဟုဆိုကာ တောင်ကိုရီးယားနှင့်ယူကရိန်း ပိုမိုနီးကပ်စွာ ပူးပေါင်းရန် ၊ ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ် လိုအပ်ချက်အတွက် တောင်ကိုရီးယားက အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ရုရှားသမ္မတပူတင်၏ ၂၀၂၄ ပြုံယန်းခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်အရ ပြင်ပနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခံရပါက အပြန်အလှန် ကူညီပေးရန် သဘောတူထားသည်။

ယူကရိန်းစစ်ဘက် ထောက်လှမ်းရေးအရာရှိတစ်ဦးက ၎င်းတို့ကိုတိုက်ရန် မြောက်ကိုရီးယား ဒုံးကျည်တပ်တစ်ခု ရုရှားအနောက်ပိုင်းဒေသသို့ စတင်ဖြန့်ကြက်နေပြီး ပဲ့ထိန်းဒုံးကျည်အစင်း ၁၂၀ နှင့် ဒုံးကျည်ပစ်လွှတ်စနစ် ​ခြောက်ခုအထိ အသုံးပြုလာနိုင်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group