
ထိုင်းနိုင်ငံ နွန်ထဘူရီပြည်နယ်တွင် စာသင်ကျောင်းပစ်ခတ်မှုဖြစ်ပြီး ရက်ပိုင်းပင်ရှိသေး နောက်ထပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အမျိုးသားလွှတ်တော်အမတ်ဟောင်း ချလောင် ရီယောင်ရန်ဆိုသူက နွန်ထဘူရီ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌ ရဲမှူးကြီးထုံချိုင် ယန်ပရာဆတ်နှင့် ၎င်း၏ယာဉ်မောင်းကို ဩဂုတ် ၁၀ ရက်နံနက်ပိုင်းတွင် ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့သည်။
နွန်ထဘူရီ ပြည်နယ်အစိုးရရုံး အဆောက်အအုံဝင်းအတွင်းမှ ရဲမှူးကြီးထုံချိုင်က ထွက်ခွာရန်ပြင်ဆင်နေချိန် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကားအနီးသို့ရောက်လာသည့် ချလောင်နှင့် စကားပြောရန် ထုံချိုင်က ကားပြတင်းပေါက်ကို ဖွင့်လိုက်ချိန် ချလောင်က သေနတ်ထုတ်ကာ ပစ်ခတ်လိုက်သည်ဟု ရဲတပ်ဖွဲ့က ကနဦးစုံစမ်းသိရသည်။
ထုံချိုင်သည် သေနတ်ဒဏ်ရာလေးချက် ရရှိခဲ့ပြီး ၎င်း၏ ယာဉ်မောင်းလည်း ကျည်ထိမှန်ခဲ့သည်။ ကယ်ဆယ်ရေး ဝန်ထမ်းများက အခင်းဖြစ်နေရာတွင် အရေးပေါ်ကုသမှုများ ပြုလုပ်ပေးပြီးနောက် နှစ်ဦးစလုံးကို ဆေးရုံပို့ဆောင် လိုက်သည်။ ပစ်ခတ်သူချလောင်က ရဲစခန်းတွင် ကိုယ်တိုင်လက်နက်ချ အဖမ်းခံခဲ့ပြီး ထုံချိုင်သေဆုံးသွား ကြောင်း ဆေးရုံက ကြေညာခဲ့သည်။
ပစ်ခတ်မှုအပြီး ချလောင်က ရုပ်သံအစီအစဉ် တင်ဆင်သူ အန်ချလီဆိုသူထံ ဖုန်းဆက်ပြီး ဖြစ်စဉ်ကို ပြောပြခဲ့ သည်။ ၎င်းသည် တစ်ဖက်အဖွဲ့ကို ထောက်ခံပေးခဲ့ပြီး ဘတ် ၁၁ သန်း တောင်းဆိုရာ တစ်ဖက်က မပေးနိုင်ဟု တုံ့ပြန်ခံရသဖြင့် ဒေါသထွက်ခဲ့ကြောင်း၊ မတရားဆက်ဆံခံရသည်ဟု ခံစားရ၍ ထုံချိုင်ကို ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့ ကြောင်း ပြောပြသည်။
လွှတ်တော်အမတ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍လည်း အငြင်းပွားမှုရှိခဲ့ကြောင်း ချလောင်က ပြောသည်။ မိမိကန့်ကွက်ထားသည့် ကိုယ်စားလှယ်လောင်းကို မရွေးချယ်ရန် ၎င်းက တောင်းဆိုခဲ့သော်လည်း ထိုသူကိုပင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ပစ်ခတ်မှုအကြောင်းရင်းမှန်ကို ရဲတပ်ဖွဲ့က အတည် မပြုသေးပေ။
Ref: Khaosod English, Photo: Bangkok Post / Khaosod English