Eleven Media Group

အီရန်သမ္မတနှင့် အထွတ်အထိပ်ခေါင်းဆောင် ခါမေနီတို့ မကြာသေးမီက တွေ့ခဲ့ဟု နိုင်ငံပိုင်မီဒီယာဖော်ပြ

အီရန်သမ္မတ မာဆွတ် ပဇက်ရှ်ကီယန်နှင့် နိုင်ငံ့ဦးသျှောင် မိုဂျ်တာဘာ ခါမေနီတို့ ဇူလိုင်နှောင်းပိုင်းက တွေ့ဆုံခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဩဂုတ် ၉ ရက်တွင် ​​ကြေညာသွားသည်။

ခါမေနီသည် ၎င်း၏ဖခင် အလီခါမေနီထံမှ အထွတ်အထိပ်ခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့သည့် မတ်လက တည်းက လူမြင်ကွင်း၌ မတွေ့ခဲ့ရပေ။ ဇူလိုင်နှောင်းပိုင်းက ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုတွင် စစ်ရေးနှင့် စီးပွားရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဇူလိုင် ၂၁ ရက်တွင် သမ္မတပဇက်ရှ်ကီယန်က ခေါင်းဆောင်ခါမေနီနှင့် ဆက်သွယ်မှုက တစ်နေ့ထက်တစ်​နေ့ ပိုများလာသည်ဟု ပြောကြားခဲ့ပြီး ဩဂုတ်အစောပိုင်းတွင်မူ ခါမေနီနှင့် ဆက်သွယ်ရန် အလွန်ခက်ခဲသည်ဟု ပြောခဲ့ပြန်သည်။

မေလအတွင်းကလည်း သမ္မတနှင့် ခါမေနီတို့ နာရီပေါင်းများစွာ တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကာ ယင်းတွေ့ဆုံမှုသည် ခါမေနီ အမြင့်ဆုံးခေါင်းဆောင်ရာထူးကို ရယူပြီးနောက် နှစ်ဦးအကြား ပထမဆုံး လူသိရှင်ကြား ဖော်ပြခံရသည့် တွေ့ဆုံမှုဖြစ်ခဲ့သည်။

မိုဂျ်တာဘာ ခါမေနီသည် ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုအတွင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ကြောင်း သတင်းများထွက်ခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်စစ်ဆင်ရေး စတင်သည့် ပထမဆုံးနေ့ အဆိုပါတိုက်ခိုက်မှုတွင် ၎င်း၏ဖခင် အလီခါမေနီ သေဆုံးခဲ့သည်။

အီရန် ဘာဆစ်ဂျ်အဖွဲ့၏ ဒုတိယခေါင်းဆောင် ကိုရာအီရှီက ခါမေနီပြည်သူများကြား သွားလာနေပုံ၊ တပ်မှူးများနှင့် တွေ့ဆုံနေပုံ ရုပ်သံမှတ်တမ်းများကို အနာဂတ်တွင် ထုတ်ပြမည်ဟု ပြောဆိုထားသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group