
Dolphin တိုင်ဖွန်းမုန်တိုင်းသည် ဩဂုတ် ၁၀ ရက်တွင် တရုတ်အရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းစေခဲ့သဖြင့် လေယာဉ်ခရီးစဉ် ရာချီ ဖျက်သိမ်းခဲ့ရသည်။
မုန်တိုင်း အားပျော့သွား၍ မြို့ကြီးအချို့တွင် အများပြည်သူသွားလာရေး ဝန်ဆောင်မှုများကို ပြန်လည် စတင်နေပြီဟု သိရသည်။
မုန်တိုင်းသည် ဩဂုတ် ၉ ရက်က ဇီကျန်းပြည်နယ် ကမ်းရိုးတန်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ပြီးနောက် အရှိန်လျော့နည်းသွားခဲ့ရာ တရုတ်နိုင်ငံအမျိုးသား မိုးလေဝသဗဟိုဌာန (NMC) က ဩဂုတ် ၁၀ ရက် နံနက်ပိုင်း တွင် ပြင်းထန်မှုလျော့နည်းသွားသော မုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် တရုတ်အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် လာမည့်တစ်ရက်အထိမိုးသည်းထန်စွာ ဆက်လက်ရွာနိုင်သည်ဟု NMC က သတိပေးခဲ့သည်။
ဇီကျန်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသအချို့အတွက် အပြင်းထန်ဆုံး ရုတ်တရက် ရေကြီးရေလျှံမှု သတိပေးချက်ကို အာဏာပိုင်များက ဩဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့သည်။
ရှန်ဟိုင်းမြို့၏ ခရီးသည်တင် လေဆိပ်ကြီးနှစ်ခု၌ လေယာဉ်ခရီးစဉ် ၉၄၃ ခုကိုဖျက်သိမ်းခဲ့ရသည်ဟု လေဆိပ်အာဏာပိုင်အဖွဲ့က အွန်လိုင်းက ထုတ်ပြန်ခဲ့သည်။
ရှန်ဟိုင်းတွင် လော်ကယ်ရထားခရီးစဉ် အများအပြားအပါအဝင် အများပြည်သူသွားလာရေး ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားခဲ့ရသည်။
ဇီကျန်းပြည်နယ်ရှိ နန်ဘိုအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မွန်းတည့်ချိန်မှစတင်၍ လေယာဉ်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲမည်ဖြစ်သော်လည်း မုန်တိုင်း၏ သက်ရောက်မှုများ "လုံးဝ မကင်းစင်သေးသည့်အတွက်" ခရီးစဉ်အချို့ ကြန့်ကြာခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ရှိနိုင်သည်ဟု ဆိုသည်။
Ref:AFP, AFP photos