Eleven Media Group

ဆော်ဒီအာရေဗျ၊ တူရကီ၊ ပါကစ္စတန်တို့၏ ကာကွယ်ရေးသဘောတူစာချုပ်သည် ဒေသတွင်းနိုင်ငံများ၏ အမေရိကန်အပေါ် သဘောထားပြောင်းလဲမှု လက္ခဏာကိုပြသလိုက်ခြင်းဖြစ်သည်ဟု အီရန်ပြောကြား

ဆော်ဒီအာရေဗျ၊ တူရကီ၊ ပါကစ္စတန်တို့ လွန်ခဲ့သော အပတ်ကလက်မှတ်ရေးထိုးခဲ့သည့် ကာကွယ်ရေး သဘောတူစာချုပ်သည် ဒေသတွင်းနိုင်ငံများ၏ အမေရိကန်အပေါ်ထားသော သဘောထားပြောင်းလဲမှု လက္ခဏာကို ပြသလိုက်ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

"လုံခြုံရေးဆိုတာဟာ တလွဲပွဲစားတွေဆီကနေ ဝယ်လို့ရနိုင်တဲ့ ကုန်စည်တစ်မျိုးမဟုတ်ဘူးဆိုတာကို ဒေသတွင်းနိုင်ငံတွေ သဘောပေါက်သွားကြပါပြီ"ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆို ခွင့်ရှိသူ အက်စမေးလ်ဘာကေးက သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့်

အမေရိကန်၏ မဟာမိတ်သုံးနိုင်ငံကို အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ရည်ညွှန်းပြောကြားခဲ့သည်။

"ဒေသတွင်းနိုင်ငံတွေဟာ အတိတ်တုန်းကလို အမေရိကန်ပံ့ပိုးပေးတဲ့ လုံခြုံရေးဆိုတဲ့စကားကို အားမကိုး နိုင်ပါဘူး"ဟု ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါလုံခြုံရေး သဘောတူစာချုပ်က အီရန်ကိုပစ်မှတ်ထားနိုင်သည်ဆိုသော အချက်အားစိုးရိမ်ခြင်းမရှိဟု ၎င်းကပြောကြားခဲ့ပြီး အီရန်သည် ဆော်ဒီအာ‌ရေဗျ၊ တူရကီ၊ ပါကစ္စတန်တို့နှင့် နက်ရှိုင်းသောဘာသာရေး၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများရှိထားသည်ဟု ၎င်းကအလေးပေး ပြောကြားခဲ့သည်။

"ဒီသဘောတူစာချုပ်ဟာ အီရန်ကိုဆန့်ကျင်လိမ့်မယ်ဆိုတာကို စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိပါဘူး"ဟု ဘာကေးက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့၏ ငါးလကြာစစ်ပွဲကို အကြောင်းပြု၍ အဆိုပါသုံးနိုင်ငံက သဘောတူစာချုပ်ကို ဩဂုတ် ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အမေရိကန်နှင့်အီရန်တို့ ဖြစ်ပွားနေသော စစ်ပွဲက ဒေသတွင်း နိုင်ငံ များကိုပါ သက်ရောက်နေပြီး ဒေသတွင်းရေကြောင်း သွားလာမှုများကိုပါ ကမောက်ကမ ဖြစ်စေခဲ့သည်။

ကာကွယ်ရေးသဘောတူ စာချုပ်သည်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရပါက ကျန်အဖွဲ့ဝင်နိုင်ငံများကိုပါ တိုက်ခိုက်ခြင်းဖြစ်သည်ဟု မှတ်ယူမည့် အဓိပ္ပာယ်ဖြစ်ပြီး ဘုံဟန့်တားမှုကို အားကောင်းအောင် လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားခဲ့သည်။

လေ့လာဆန်းစစ်သူများက ပြောကြားရာတွင် အဆိုပါသဘောတူစာချုပ်သည် အတင့်ရဲလာသော အီရန်ကို ဟန့်တားရန်နှင့် မယုံကြည်ရသည့် အမေရိကန်နှင့်ဟန်ချက်မျှအောင် လုပ်ရန်ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Ref:AFP , Photo:AFP

မူရင်းသတင်း — Eleven Media Group