
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်က လာမည့်သီတင်းပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုများတွင် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သဖြင့် စစ်ပွဲအတွေ့အကြုံ ရင့်ကျက်နေသည့် မြောက်ကိုရီးယားတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားသည့် ပုံစံမျိုး သရုပ်ဖော်လေ့ကျင့်သွားမည်ဟု ၎င်းက ဆိုသည်။
Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုသည် တောင်ကိုရီးယား စစ်တပ်နှင့် အမေရိကန် မဟာမိတ်များအတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယား၏ အန္တရာယ်မှ ကာကွယ်နိုင်ရန််ပုံမှန် ပြုလုပ်လေ့ရှိသော နွေရာသီ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်သည်။
မြောက်ကိုရီးယားကမူ အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ဒေါသတကြီးဝေဖန်လေ့ရှိပြီး ယင်းစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှုများဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် စတင်မည့် ယခုနှစ်၏ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုသည် ပြောင်းလဲလာသော စစ်ပွဲ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ အမေရိကန် ဗိုလ်မှူးကြီး ရိုင်ယန် ဒေါ်နယ် က ပြောကြားခဲ့သည်။