
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် ကိုးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ၊ မြေပြိုမှုများနှင့် မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်၏ အချို့ဒေသများတွင် ရွာသွန်းခဲ့သည့် မိုးရေချိန်သည် တစ်လစာ မိုးရေချိန်ထက်ပင် ပိုမိုများပြားခဲ့သည်။
အပူပိုင်း မုန်တိုင်းများကြောင့် ပိုမိုပြင်းထန်လာသော မိုးရွာသွန်းမှုများကြောင့် ပင်မကျွန်းကြီးဖြစ်သည့် လူဇွန်ကျွန်းပေါ်ရှိ နေရာဒေသအများအပြားတွင် ကျောင်းများနှင့် အစိုးရရုံးများ ပိတ်ထားခဲ့ရပြီး မနီလာမြို့တော်ရှိ လမ်းများတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
မနီလာမြို့တော်၏ မြောက်ဘက်တွင်တည်ရှိသော အပန်းဖြေစခန်းဒေသများတွင် ရွာသွန်းခဲ့သည့် မိုးရေချိန်သည် တစ်လလုံးစာ ပုံမှန်မိုးရေချိန်ထက် ၄၇ ရာခိုင်နှုန်းခန့် ပိုမိုများပြားခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒန် ဗီလာမီးလ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မုန်တိုင်းဇုန်နှင့် ပထမဆုံး စတင်ရင်ဆိုင်ရသည့် အဓိကကုန်းမြေကြီးဖြစ်ပြီး ကျွန်းစုနိုင်ငံဖြစ်သည်နှင့်အညီ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မုန်တိုင်းများ အကြိမ် ၂၀ ခန့် တိုက်ခတ်လေ့ရှိပြီး ဘေးအန္တရာယ်ကျရောက်လွယ်သော ဒေသများရှိ သန်းနှင့်ချီသည့် ပြည်သူများကို ဆင်းရဲဒုက္ခရောက်စေခဲ့သည်။
ထို့ပြင် လူသားများကြောင့်ဖြစ်ရသော ရာသီဥတုပြောင်းလဲမှုများသည် ပြင်းထန်သော ရာသီဥတု ဖြစ်စဉ်များကို မကြာခဏ ဖြစ်ပွားစေပြီး ပိုမိုဆိုးရွားပြင်းထန်စေကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။