Eleven Media Group

အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန် ဒုတိယဝန်ကြီး ပြောကြား

အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

သြဂုတ် ၁၀ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အညီ ကလေးအား အကောင်းဆုံးအကျိုးစီးပွားရရှိရေး ဆောင်ရွက်ပေးရန်၊ ကလေးသူငယ်များအပေါ် ပုံစံအမျိုးမျိုးဖြင့် အသုံး ချမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမရှိစေရေး ကာကွယ်တားဆီးမှုများ ဆောင်ရွက်ရန်၊ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကို တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ် စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းမှုများပြုလုပ်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များနှင့် ပြည်သူတစ်ဦးချင်းစီက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာခြင်းဖြင့် ကလေးအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

အလားတူ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသူများက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group