
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၏ လုပ်ကြံမည်ဟူသောခြိမ်းခြောက်မှုကြောင့် လွန်ခဲ့သောလတွင် တူရကီမှထွက်ခွာခဲ့ရာ၌ ယခင်ကသိထားသည်ထက် ပိုသေးသော လေယာဉ်ဖြင့် လျှို့ဝှက်စွာထွက်ခွာခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက ဩဂုတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
အမည်မဖော်လိုသည့်အမေရိကန် အရာရှိက ဝါရှင်တန်ပို့စ်ကိုပြောကြားခဲ့ရာတွင် ထရန့်သည် ဇူလိုင် ၈ ရက်က အန်ကာရာမြို့၌ Air Force One ပေါ်သို့ တက်ရောက်ခဲ့သော်လည် ထိုမှတစ်ဆင့် လေယာဉ်နှင့် တွဲဆက်ထား သော catering container သို့ ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။
ထို့နောက် အဆိုပါ ကွန်တိန်နာတွဲဖြင့် သမ္မတကို ပိုသေးသည့် C-32A လေယာဉ်ဆီသို့ ပို့ဆောင်ပေးခဲ့ပြီး ဗြိတိန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် သတင်းမီဒီယာများနှင့် အစိုးရအရာရှိ အချို့ကမူ ထရန့်သည် Air Force One လေယာဉ်ကြီးပေါ်၌ပင် ရှိနေသေးသည်ဟု ထင်မြင်အောင် လှည့်စားခဲ့ခြင်းဖြစ်သည်။
ထရန့်သည် တူရကီသို့ လာရောက်စဉ်က ကာတာနိုင်ငံက အမေရိကန်သို့ လက်ဆောင်ပေးထားသည့် ဘိုးရင်း ၇၄၇-၈ လေယာဉ်အသစ်ကို စီးနင်းခဲ့သော်လည်း အီရန်၏ ခြိမ်းခြောက်မှုများကြောင့် ပြန်လည်ထွက်ခွာရာတွင် အဆိုပါ လေယာဉ်အသစ်ကို မစီးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာများက ယခင်ကတည်းက ဖော်ပြခဲ့ကြသည်။
တူရကီနိုင်ငံ အန်ကာရာမြို့တွင် ကျင်းပခဲ့သည့် နေတိုးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထရန့်ကမူ ဗြိတိန်ရှိ လေတပ်စခန်းမှ အမေရိကန် စစ်သည်များ လေယာဉ်အသစ်အား လေ့လာကြည့် ရှုနိုင်ရန်အတွက် ဘိုးရင်း ၇၄၇ လေယာဉ်ဟောင်းကိုစီးမည်ဟု ထိုစဉ်က ပြောကြားခဲ့သည်။
သို့သော်လည်း နယူးယောက်တိုင်း(မ်း) အပါအဝင် အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် လေယာဉ်အား အလျင်အမြန် ပြောင်းလဲခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
အန်ကာရာမြို့မှ ထွက်ခွာသည့် Air Force One လေယာဉ်ဟောင်းဖြင့် လိုက်ပါလာသည့် သတင်းထောက်များ ကိုလည်း လေယာဉ်ပြတင်းပေါက်၏ လိုက်ကာများကို ပိတ်ထားရန် ညွှန်ကြားခဲ့ရာ ယင်းသည် စစ်ဖြစ်ပွားရာ ဒေသများတွင်သာ ပြုလုပ်လေ့ရှိသည့် နည်းလမ်းဖြစ်၍ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို သံသယဖြစ်သည် ဟူသော အချက်ကို ခိုင်မာစေခဲ့သည်။
Ref:AFP,Photos:AFP