Eleven Media Group

■ ကိုလံဘီယာကယ်ဆယ်ရေးသမားများက ငလျင်ကယ်ဆယ်ရေးကို အလျင်အမြန်ဆောင်ရွက်နေချိန် သေဆုံးသူအနည်းဆုံး ၁၁၁ ဦးအထိရှိလာ

ကိုလံဘီယာစေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးသမားများက အနည်းဆုံး ၁၁၁ ဦးသေဆုံးခဲ့သော ပြင်းအား ၇ ဒသမ ၄ ရှိ အင်အားပြင်းမြေငလျင် လှုပ်သွားခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ဩဂုတ် ၁၀ ရက်တွင် အပျက်အစီးများကြားထဲ လက်ဗလာဖြင့်လည်းကောင်း၊ ဆွဲပုံးများအသုံးပြု၍လည်းကောင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြသည်။

ငလျင်သည် ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီခွဲပြီး မကြာမီ ကိုလံဘီယာ၏ ရှုမျော်ခင်းလှပသော ကော်ဖီစိုက်ပျိုးရာဒေသရှိ မြို့များနှင့် ပစိဖိတ်တို့တွင် လှုပ်သွားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး အဆောက်အအုံ ၁,၅၀၀ ပျက်စီးခဲ့သည်။ လူတို့သည် လမ်းများပေါ်သို့ အလန့်တကြား ပြေးထွက်ခဲ့ကြသည်။

"လူတွေဟာ အဝတ်အစားတောင်မဝတ်နိုင်ဘဲနဲ့ အပြင်ကို ပြေးထွက်ခဲ့ကြပါတယ်။ သူတို့အိမ်ရဲ့ ဒုတိယထပ်ကနေ ခုန်ချခဲ့ကြပါတယ်"ဟု Quibdo မြို့က ဥပဒေကျောင်းသား ဝီလ်မာကျူစတာက AFP ကို ပြောကြားသည်။

သမ္မတအဖြစ် ကျမ်းကျိန်ခဲ့သည်မှာ သုံးရက်မျှသာရှိသေးသော ကိုလံဘီယာသမ္မတ အဘယ်လာဒိုဒီလာအက်စပီရယ်လာက အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပူးပေါင်းကယ်ဆယ်‌ရေး ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။

ကာလီမြို့တွင် စေတနာ့ဝန်ထမ်းတို့က အသက်ရှည်ကျန်ရစ်သူများကို ရှာဖွေရန် ပေါက်ချွန်းများ၊ အိမ်သုံးပစ္စည်းများဖြင့် ကယ်ဆယ်ရေးကို လျင်မြန်စွာလုပ်ခဲ့ကြသည်။ သူတို့သည် လက်များအသုံးပြု၍ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြသည်။ အန်းဒရက်စ်ဖီးလစ်သည် ယာယီကယ် ဆယ်ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည်။

"လူတိုင်း အသက်ရှင်လျက်ထွက်လာနိုင်စေဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ပိတ်မိနေတဲ့သူတွေ လေချွန်သံပေးပါလို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောတဲ့အခါ လေချွန်သံပြန်ပေးတာကို ကြားရပါတယ်"ဟု သူက AFP ကို ပြောသည်။

"သူတို့က အမျိုးသားတစ်ဦးနဲ့ ကလေးတစ်ဦးကို ဆွဲထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဇနီးသည်ကတော့ အဲဒီမှာ ရှိနေဆဲဖြစ်ပါတယ်"ဟု ပြားပြားဝပ်ဖြစ်သွားသော အထပ်မြင့်အဆောက်အအုံ၏အနီးတွင် သူက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားတို့က အုတ်ခဲများနှင့် အင်္ဂတေများကို လူတန်းရှည်ကြီး ပြုလုပ်၍ ဖယ်ရှားနေရင်း အောက်တွင် ပိတ်မိနေသူတို့ထံမှ အသက်ရှူသံများကို နားထောင်ရန် မိနစ်အနည်းငယ်ကြာတိုင်း ရပ်နားခဲ့ကြသည်။

"လူအများအပြားဟာ ပစ္စည်းတွေ၊ စားစရာတွေနဲ့ ရောက်လာကြပါတယ်။ သူတို့က မီးသတ်သမားတွေကို အကူအညီပေးကြပါတယ်။ လူတွေကိုလည်း ကူညီကြပါတယ်"ဟု သူက ပြောကြားခဲ့သည်။

အင်အားပြင်း မြေငလျင်သည် ဩဂုတ် ၁၀ ရက်တွင် ကိုလံဘီယာနှင့် အိမ်နီးချင်း လက်တင်အမေရိကနိုင်ငံများကို လှုပ်သွားခဲ့ရာ ငလျင်၏ပြင်းအားသည် ၇ ဒသမ ၄ ရှိသည်။ ငလျင်သည် ကိုလံဘီယာ အနောက်ပိုင်း မြေအနက် မိုင် ၆၀ (ကီလိုမီတာ ၁၀၀) တွင် ဗဟိုပြုခဲ့သည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ခဲ့သည်။

Ref: AFP
Photos: AFP

မူရင်းသတင်း — Eleven Media Group