
ရုရှားသည် ၎င်း၏ နယ်မြေအတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အသစ်များကို နေရာချထားပေးရန် ပြင်ဆင်နေပြီး မြောက်ကိုရီးယားထံမှ ပဲ့ထိန်းဒုံးကျည်များ ထပ်မံရရှိထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဇယ်လန်းစကီးသည် အနောက်အုပ်စုထံမှ လေကြောင်းကာကွယ်ရေးပစ္စည်းများ ပိုမိုထောက်ပံ့ပေးရန် တောင်းဆိုနေချိန်တွင် ရုရှားနှင့် မြောက်ကိုရီးယားကြား နက်ရှိုင်းလာသော စစ်ရေးဆက်ဆံရေးကို မကြာခဏ သတိပေးလျက်ရှိသည်။
"ဒါဟာ ရုရှားတပ်တွေအနေနဲ့ မြောက်ကိုရီးယားရဲ့ ဖြည့်စွက်ထောက်ပံ့မှုတွေမပါဘဲ စစ်မတိုက်နိုင်တော့တဲ့ ပထမဆုံးဖြစ်စဉ်ပါပဲ။ သူတို့ဟာ အခုအချိန်မှာ သူတို့ရဲ့ နယ်မြေပေါ်မှာ နောက်ထပ် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အသစ်တွေကို တပ်ဖြန့်ဖို့ ပြင်ဆင်နေကြပါတယ်။ စဉ်းစားကြည့်ပါ၊ သူတို့ဟာ မြောက်ကိုရီးယားထံမှ ပဲ့ထန်းဒုံးကျည်တွေ ထပ်မံရရှိခဲ့ပါတယ်" ဟု ဇယ်လန်းစကီးက ၎င်း၏ ညစဉ်ထုတ်လွှင့်သည့် မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။
သို့သော်လည်း ဇယ်လန်းစကီးသည် ၎င်း၏ ပြောကြားချက်အတွက် သက်သေအထောက်အထားကို ဖော်ပြခဲ့ခြင်းမရှိဘဲ အချိန်ကာလအပိုင်းအခြားကိုလည်း ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
သို့သော် ဂျပန်နှင့် တောင်ကိုရီးယားတို့အနေဖြင့် လေကြောင်းကာကွယ်ရေး အကူအညီများ ပံ့ပိုးပေးရန် ဇယ်လန်းစကီးက တောင်းဆိုခဲ့ပြီး ယင်းသည် ရုရှားအား ကူညီရာမှ ရရှိလာသော စစ်ပွဲအတွေ့အကြုံများဖြင့် ပိုမိုအင်အားတောင့်တင်းလာသည့် မြောက်ကိုရီးယား၏ တပ်ဖွဲ့များကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်ကလည်း ဇယ်လန်းစကီးက ရုရှားမြေပေါ်တွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃ဝဝဝဝ မှ ၅ဝဝဝဝ အထိ တပ်ဖြန့်ထားလိမ့်မည်ဟု ပြောဆိုခဲ့သော်လည်း အဆိုပါ ကိန်းဂဏန်းများကို မည်သို့ရရှိခဲ့သည်ဆိုသည်ကိုမူ ရှင်းလင်းပြောကြားခြင်း မရှိပေ။
၂၀၂၄ ခုနှစ် ဇွန်လတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားသည် ရုရှား၏ အနီးကပ်ဆုံး စစ်ရေးမဟာမိတ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။
ထိုနှစ် နှောင်းပိုင်းတွင် ရုရှား၏ နယ်စပ်ဒေသဖြစ်သည့် ကာ့စ်ဒေသအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ယူကရိန်တပ်များကို တွန်းလှန်တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် ရုရှားသည် မြောက်ကိုရီးယားစစ်သားများကို အသုံးပြုခဲ့သည်။
Ref: AFP