Eleven Media Group

■ တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး တရုတ်က ပစိဖိတ်ကျွန်းစုများဆိုင်ရာ သံတမန်အား သတိပေး

တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး ပစိဖိတ်ကျွန်းစုများဆိုင်ရာဖိုရမ်၏ ထိပ်သီးသံတမန်တစ်ဦးကို တရုတ်က ဩဂုတ် ၁၁ ရက်တွင် သတိပေးခဲ့သည်။

ယခုနှစ်တွင်ပြုလုပ်မည့် ပစိဖိတ်ကျွန်းစုများဆိုင်ရာဖိုရမ်ကို တရုတ် (တိုင်ပေ) တက်ရောက်လိမ့်မည်ဟု ဖိုရမ်၏ အတွင်းရေးမှူးချုပ် ဘာရွန် ဝါကာက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့ပြီးနောက် တရုတ်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နှင့် ပစိဖိတ်ကျွန်းစုများဆိုင်ရာဖိုရမ်ကြား တည်ငြိမ်ကောင်းမွန်သည့် ဆက်ဆံရေးကို ထိခိုက်အောင် မလုပ်ရန် တရုတ်က ဝါကာကို သတိပေးခဲ့သည်။

"တရုတ်နိုင်ငံအနေနဲ့ ပစိဖိတ်ကျွန်းစုများဖိုရမ် အတွင်းရေးမှူးကို တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တင်းကျပ်စွာ လိုက်နာဖို့၊ တရုတ် (တိုင်ပေ) နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို စနစ်တကျ ကိုင်တွယ်ဖို့နဲ့ တရုတ်နဲ့ ဖိုရမ်ကြား တည်ငြိမ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို မထိခိုက်စေဖို့ တိုက်တွန်းပါတယ်" ဟု အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာန၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

တရုတ် (တိုင်ပေ) ကို ၎င်း၏နယ်နိမိတ်အဖြစ် ကြေညာထားသော တရုတ်၏ ကန့်ကွက်ဆန္ဒပြမှုများကြောင့် ပြီးခဲ့သည့်နှစ် ပစိဖိတ်ကျွန်းစုများဖိုရမ် ခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ် (တိုင်ပေ) ကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group