
ဩစတြေးလျနှင့် ဗီယက်နမ်သည် ပစိဖိတ်ဒေသနှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏လွှမ်းမိုးမှု ချဲ့ထွင်လာခြင်းကို ရင်ဆိုင်ရန်အတွက် နှစ်နိုင်ငံ စစ်တပ်များကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ကန်ဘာရာမြို့၌ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ်နှင့် ဗီယက်နမ်ခေါင်းဆောင် တိုလမ်တို့ ဆွေးနွေးခဲ့ကြပြီးနောက် နှစ်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့များသည် ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေတင်မကဘဲ ကာကွယ်ရေး တပ်ဖွဲ့တွေပါ တစ်နေ့ထက်တစ်နေ့ ပိုပြီးပူးပေါင်းဆောင်ရွက်နေပါတယ်။ အခုလို မရေမရာဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရှေ့မှောက် ရောက်ရှိနေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မိတ်ဆွေတွေအကြား စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ကဏ္ဍပေါင်းစုံမှာ ထိတွေ့ဆက်ဆံကြဖို့က အရင်ကထက် ပိုမိုအရေးကြီးပါတယ်" ဟု အယ်လ်ဘန်းနိစ်က တိုလမ်နှင့် တွေ့ဆုံစဉ် အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။
တိုလမ်၏ ဩစတြေးလျခရီးစဉ်သည် ဒေသတွင်း တရုတ်၏ စစ်ရေးတိုးချဲ့လာမှုအပေါ် နှစ်နိုင်ငံလုံးက မကျေမနပ်ဖြစ်နေကြချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဗီယက်နမ်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် နယ်နိမိတ်ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။
Ref: AFP