
မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ ယနေ့ (ဩဂုတ် ၁၁ ရက်) မှစ၍ ရေကျော်နေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက် အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ (ဩဂုတ် ၁၁ ရက်) နံနက် ၈နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ စတင်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စွန်ဆည် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၆၂၅ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၆၂၅ ဒသမ ၆၀ ပေရှိသည့်အတွက် ရေပိုလွှဲမှ သုည ဒသမ ခြောက်ပေခန့်၊ ဆဒ္ဒန်ဆည် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၅၆၀ ဒသမ ၅၀ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၅၆၂ ဒသမ ၃၀ ပေရှိသည့်အတွက် ရေပိုလွှဲမှ (တစ် ဒသမ ရှစ်ပေခန့်) ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးရှိ ကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့် (၁) အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။