
တံတားဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းနှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများသို့ ရေဝင်ရောက်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းနှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများ ရေဝင်ရောက်မှုကြောင့် ရေဘေးလွတ်ရာဒေသ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နိုင်ရေးကို ဩဂုတ် ၁၁ ရက် နံနက် ၁ဝနာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုအခြေအနေကို တံတားဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက တံတားဦးမြို့နယ်အတွင်း ရေဝင်လျက်ရှိသည့် ဘလဲ့ဘကျေးရွာ၊ ဈေးချိုကျေးရွာ၊ ဥတည်ကျေးရွာ၊ ပန်းယျကျေးရွာ၊ ကန်ချောကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးတိုက်ကျေးရွာနှင့် ငါးရာပြားကျေးရွာများသို့ ရောက်ရှိပြီး ရေဘေးလွတ်ရာ ကုန်းမြင့်ဒေသများသို့ ပြောင်းရွှေ့နိုင်ရေး သက်ဆိုင်ရာများနှင့်အတူ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်သည် ၁,၂၆၀ စင်တီမီတာအောက် ၁,၁၉၄ စင်တီမီတာသို့လည်းကောင်း၊ ဒုဋ္ဌဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၈၇၀ စင်တီမီတာအထက် ၉၇၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။