
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
နေတန်ယာဟုက အမေရိကန် ဦးဆောင်သည့် ဂါဇာစီမံကိန်းကို ငြင်းပယ်ခဲ့သည့်တိုင် ထရန့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဆက်ဆံရေးက အရမ်းကောင်းမွန်ပါတယ်" ဟု ထရန့်က ဘဲဥပုံရုံးခန်းတွင် ပြုလုပ်သည့် ပွဲအခမ်းအနားတစ်ခုအပြီးတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
သီတင်းတစ်ပတ်ပြီးတစ်ပတ် တဖြည်းဖြည်း မြင့်တက်လာသော ဝေဖန်မှုများအပြီးတွင် ဟားမတ်စ်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းမှုနှင့်အတူ အစ္စရေးတပ်ဖွဲ့များကို စတင်ရုပ်သိမ်းရန် တောင်းဆိုထားသည့် ဂါဇာစီမံကိန်းကို ကန့်ကွက်ကြောင်း နေတန်ယာဟုက ဩဂုတ် ၉ ရက်တွင် အတိအလင်းပြောကြားခဲ့သည်။
ဂါဇာ စီမံကိန်းသည် နေတန်ယာဟု၏ လက်ယာယိမ်း ထောက်ခံသူများအကြား ရေပန်းစားခြင်းမရှိဘဲ ၎င်း၏ အစိုးရအဖွဲ့ဝင် လက်ယာစွန်း အဖွဲ့ဝင်များကလည်း အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းရန် ၎င်းအား တိုက်တွန်းခဲ့သည်။
နေတန်ယာဟုသည် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ပေးခြင်း အပါအဝင် အစ္စရေးကို စံချိန်တင် ထောက်ခံမှုများ ပြုလုပ်ပေးခဲ့သော ထရန့်နှင့် နီးကပ်သည့် ဆက်ဆံရေးကို အသုံးချ၍ မကြာသေးမီကအထိ မဲဆွယ်စည်းရုံးခဲ့သည်။
ထရန့်သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်ကို စစ်ဆင်နွှဲရာ၌ နေတန်ယာဟုနှင့် ပူးပေါင်းခဲ့သော်လည်း ထိုပဋိပက္ခက ၎င်း၏ ရေပန်းစားမှုကို ကျဆင်းစေပြီး ရေနံဈေးနှုန်းများကို မြင့်တက်စေခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ထရန့်က ကြိုးပမ်းလာချိန်တွင် ၎င်းတို့နှစ်ဦးကြား သဘောထားကွဲလွဲခဲ့ကြသည်။
ဂါဇာ စီမံကိန်းသည် အောက်တိုဘာလတွင် ကြေညာခဲ့သော အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ယင်းက ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးများကို လျှော့ချပေးနိုင်ခဲ့သော်လည်း လုံးဝရပ်တန့်သွားစေခဲ့ခြင်း မရှိပေ။
အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးများကြောင့် ပါလက်စတိုင်း ၁၂၅၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကာလအတွင်း အစ္စရေးစစ်တပ်ကလည်း ၎င်းတို့ဘက်မှ တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
Ref: AFP