Eleven Media Group

■ ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၆၃၀၀ ကျော်အထိ မြင့်တက်လာ

ဇွန်လအတွင်းက ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေသည် ၆၃၀၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အမျိုးလားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ် ရိုဒရီဂွက်ဇ်က ဩဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၃ ရက်က ထုတ်ပြန်ခဲ့သော ယခင် သေဆုံးသူစာရင်းမှာ ၆၁၂၅ ဦးဖြစ်ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးအဖွဲ့များနှင့် မိသားစုဝင်များက အပျက်အစီးများကြားတွင် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

အဆောက်အအုံ ၁၉၀ ခန့်ကို ပျက်စီးစေခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ပြင်းအားရှိသော ငလျင်များအပြီးတွင် ပျောက်ဆုံးသူအရေအတွက် အတိအကျကို အစိုးရက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

သို့သော် ကာရာကက်စ်မြို့ မြောက်ပိုင်းရှိ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ခဲ့သော လာဂွာအီရာပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဟိုဆေး အဲလက်ဇန်းဒါး တီရန်က လူ ၁၄၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

အဆိုပါငလျင်များကြောင့် လူပေါင်း ၂၄၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၎င်းတို့အနက် အများစုသည် ယာယီကယ်ဆင်ရေးစခန်းများတွင် နေထိုင်လျက်ရှိကြသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group