
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) တွင် ဖြစ်ပွားနေသော အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုသည် ယခုနှစ် ဖေဖော်ဝါရီလလယ်ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အာဖရိကဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။
အာဏာပိုင်များအနေဖြင့် ဒီအာကွန်ဂိုနိုင်ငံ ဘူးနီးယားမြို့တွင် မေလလယ်ခန့်မှသာ အီဘိုလာရောဂါပိုးကို စတင်သံသယရှိခဲ့ကြသော်လည်း ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးချက်များအရ ရောဂါပိုးမှာ ထိုထက်စော၍ ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။
ဒေါက်တာ မိုဟာမက် ရာကွတ် ဂျာနက်ဘီက စမ်းသပ်စစ်ဆေးမှုများတွင် ဘန်ဒီဘူဂျိုဗိုင်းရပ်စ်မျိုးစိတ်ကို ပထမပိုင်း၌ မဖော်ထုတ်နိုင်ခဲ့ဘဲ လူနာအများအပြားကို ငှက်ဖျား သို့မဟုတ် တိုက်ဖိုက်ရောဂါဟု မှားယွင်းရောဂါ အမည်တပ်ခဲ့ကြကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
"ဒါကြောင့် ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ရဲ့နောက်ကို လိုက်နေရပြီး ဗိုင်းရပ်စ်က ကျွန်တော်တို့ထက် အရှေ့ကို ရောက်နှင့်နေတာဖြစ်ပါတယ်" ဟု ဒေါက်တာ ဂျာနက်ဘီက အခြေအနေကို ပုံဖော်ပြောဆိုခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အဆိုပါ ရောဂါကူးစက်မှုကို ယခုနှစ် မေလ ၁၇ ရက်နေ့မှသာ တရားဝင် ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။
ရောဂါဖြစ်ပွားကြောင်း တရားဝင်ကြေညာခဲ့သည့် လွန်ခဲ့သော သုံးလအတွင်း ယခုကူးစက်မှုသည် သမိုင်းတွင် အလျင်မြန်ဆုံး တိုးတက်ပြန့်ပွားလာသော ကူးစက်မှု ဖြစ်လာခဲ့သည်။
တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင်လည်း ဝန်ထမ်းများ သပိတ်မှောက်မှု၊ ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေနိုင်မှု အကန့်အသတ်ရှိမှုတို့အပြင် ဘန်ဒီဘူဂျိုမျိုးစိတ်ကို တိုက်ရိုက်ကာကွယ်နိုင်သည့် ကာကွယ်ဆေးနှင့် ကုသဆေးများ ကင်းမဲ့နေမှုတို့ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ယခု အီဘိုလာကူးစက်မှုသည် လူပေါင်း ၁၁,၀၀၀ သေဆုံးခဲ့သည့် ၂၀၁၄-၂၀၁၆ အနောက်အာဖရိက အီဘိုလာကူးစက်မှုပြီးလျှင် သမိုင်းတွင် ဒုတိယအကြီးမားဆုံး ရောဂါကူးစက်မှုဖြစ်လာခဲ့သည်။
သို့သော်လည်း ယခုကူးစက်မှုသည် တစ်နေ့လျှင် လူနာသစ် ၇၅ ဦးမှ ၈၀ အထိရှိနေသဖြင့် ယခင် ကူးစက်မှုများထက် ပိုမိုမြန်ဆန်သော နှုန်းထားဖြင့် ကူးစက်နေခြင်းဖြစ်သည်။
ထို့အပြင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ထိတွေ့ခဲ့သူများ၏ ၉၅ ရာခိုင်နှုန်းကို လိုက်လံစုံစမ်းရန် လိုအပ်သော်လည်း ကျန်းမာရေးဒေသများတွင် ၇၅ ရာခိုင်နှုန်းခန့်သာ လိုက်လံစုံစမ်းနိုင်သေးသည်။
အီတူရီ ပြည်နယ်ရှိ အချို့သော ရောဂါပြင်းထန်သည့် ဒေသများတွင် ရောဂါကူးစက်မှုမှာ နှစ်ဆတိုးပွားလာနေသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့က တုံ့ပြန်ဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် တောင်းဆိုထားသည်။
"ဒီအာကွန်ဂို အရှေ့ပိုင်း အချို့ဒေသတွေမှာ အီဘိုလာကူးစက်မှုဟာ ကျွန်တော်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းထက် ကျော်လွန်နေတာမို့ ရောဂါထိန်းချုပ်ဖို့ ကဏ္ဍစုံကနေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု WHO အကြီးအကဲ တက်ဒရို ကပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သေဆုံးသူများ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်သည် ကုသရေးစခန်းများတွင် မဟုတ်ဘဲ ဒေသခံအသိုင်းအဝိုင်းအတွင်း၌ပင် သေဆုံးနေကြကြောင်း သတိပေးထားသည်။
ယင်းအချက်သည် လူနာများ ဆေးဝါးကုသခွင့် မရရှိခြင်းကို ဖော်ပြနေရုံမျှမက ပြုစုစောင့်ရှောက်ပေးနေသည့် မိသားစုဝင်များနှင့် ဒေသခံများထံ ရောဂါပိုး ထပ်မံကူးစက်ရန် အခွင့်အလမ်း ပိုမိုများပြားစေသည်။
ဆေးဝါးကုသမှုခံယူလိုသည့် လူနာအများစုသည် ဘူးနီးယားမြို့သို့ သွားရောက်ကြသဖြင့် ဆေးရုံဆေးခန်းများတွင် လူနာများ ပြည့်လျှံနေပြီး လူနာများ ရောက်ရှိချိန်၌ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ ဘူနီးယားမြို့ကို အခုချက်ချင်း ကာကွယ်ရမှာဖြစ်သလို ဘူးနီးယားမြို့ ပြင်ပမှာလည်း ကုသရေးစခန်းတွေကို အမြန်ဆုံး တည်ဆောက်သွားရမှာဖြစ်ပါတယ်" ဟု ဒေါက်တာ ဂျာနက်ဘီကတိုက်တွန်းပြောကြားခဲ့သည်။
Ref: CIDRAP
Ref: AFP