Eleven Media Group

■ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ပိုလျှံငွေများကို ဖြည့်စွက်ရန်ပုံငွေအဖြစ် အသုံးပြုရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေရရှိမှုနည်းသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအား အထောက်ပံ့ပေးရေးအဆို မန္တလေးတိုင်းလွှတ်တော် အတည်ပြု

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ပိုလျှံငွေများကို ဖြည့်စွက်ရန်ပုံငွေအဖြစ် အသုံးပြုရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေရရှိမှုနည်းသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအား အထောက်ပံ့ပေးရေးအဆိုကို မန္တလေးတိုင်းလွှတ်တော်က သြဂုတ် ၁၀ ရက်တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အဆိုကို ငါးဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမြတ်သူက တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ( သြဂုတ် ၅ ရက်) တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဘဏ္ဍာငွေရသုံးအခြေနေများကို လေ့လာသည့်အခါ မြို့နယ်များအနေဖြင့် ဝင်ငွေရရှိမှုအပေါ်မူတည်ပြီး ငွေလုံးငွေရင်းသုံးစွဲနိုင်သော မြို့နယ်များရှိသကဲ့သို့ အနည်းငယ်သာ သုံးစွဲနိုင်သည့် မြို့နယ်များလည်း ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေလုံငွေရင်းသုံးစွဲမှု နည်းပါးသော မြို့နယ်များမှာ ငါးဇွန်၊ ညောင်ဦး၊ တံတားဦး၊ တောင်သာ၊ နွားထိုးကြီး၊ မလိုင်၊ မြင်းခြံ၊ သပိတ်ကျင်း စသည့်မြို့နယ်များဖြစ်ပြီး ဝင်ငွေရရှိမှုနည်းပါးသဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အခက်ခဲကြုံတွေ့နေရပြီး နိုင်ငံတော်အစိုးရက ထောက်ပံ့မှသာ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနေထားဖြစ်နေသည်ကို သုံးသပ်တွေ့ရှိကြောင်း ငါးဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမြတ်သူက ပြောကြားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၂၀၁၁ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေပုဒ်မ (၁၁) အရသော်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၂၀၂၁ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့စွဲပါ စာအမှတ် (ဘခ-၃/၂၀(၆၀၅/၂၀၁၁) အရသော်လည်းကောင်း၊ (၁၊၈၊ ၂၀၂၀) တွင် ပြဋ္ဌာန်းထားသော မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ၊ အခန်း (၁၉) ဘဏ္ဍာရေး၊ ပုဒ်မ (၆၇)၊ ပုဒ်မခွဲ (ဂ) အရသော်လည်း စသည့် ဥပဒေ၊ ထုတ်ပြန်ချက်တို့ဖြင့် ထောက်ပြ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမြတ်သူက ဆွေးနွေးသွားခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးစာရင်းများတွင်လည်း ရငွေစာရင်းများကို တိုင်းဒေသကြီးအစိုးရထံသို့ ပေးသွင်းခဲ့သည့်အပြင် ပိုလျှံငွေစာရင်းများလည်းရှိခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်းကို ပြီးခဲ့သည့် ဘဏ္ဍာနှစ် လေးနှစ်တာပိုလျှံငွေများမှာ ၂၀၂၂-၂၀၂၃ တွင် ၇၅၉ ဒသမ ၂၅၁ သန်း၊ ၂၀၂၃-၂၀၂၄ တွင် ၃၉၁၆ ဒသမ ၂၉၄ သန်း၊ ၂၀၂၄-၂၀၂၅ တွင် ၄၈၀ ဒသမ ၈၆၃ သန်း၊ ၂၀၂၅-၂၀၂၆ တွင် ၇၅၁ ဒသမ ၅၂၃ သန်းဖြစ်ကြောင်း စာရင်းနှင့်တကွ ၎င်းက တင်ပြခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ပိုလျှံငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးသွင်းခဲ့သော်လည်း ထောက်ပံ့မှုရရှိသည့်မြို့နယ်မှာ အဆိုပါဘဏ္ဍာနှစ် လေးနှစ်အတွင်း မြို့နယ် သုံးမြို့နယ်ကသာ VIP ခရီးစဉ် လမ်းညွှန်ချက်အရ ရရှိခဲ့ပြီး ကျန်မြို့နယ်များ လုံးဝမရရှိခဲ့ကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း မူလရန်ပုံငွေ ၂၈၁၉၉ ဒသမ ၁၂၇၀ သန်း လျာထားသော်လည်း ပြုပြင်ပြီးရန်ပုံငွေ ၃၃၂၃၂ ဒသမ ၉၃၈ သန်းဖြစ်သည့်အတွက် ယခုအချိန်ထိ ၅၀၃၃ ဒသမ ၈၁၁ သန်း ပိုလျှံနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

သို့ဖြစ်ပါ၍ ပိုလျှံလာသောငွေများကို ဖြည့်စွက်ငွေအဖြစ် အသုံးပြုခွင့်ပေးပါက စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည့်အပြင် ဝင်ငွေနည်းသောမြို့နယ်များ (ဥပမာ အကြမ်းဖက်မှုများ ရှိနေသည့်မြို့နယ်များ) ကို တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့ပေးနိုင်မည်ဖြစ်သဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ပိုလျှံငွေများကို ဖြည့်စွက်ရန်ပုံငွေအဖြစ် အသုံးပြုရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေရရှိမှုနည်းသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအား အထောက်ပံ့ပေးရေးအတွက် ယခုအဆိုကို တင်သွင်းရပါကြောင်း ၎င်းက ဆွေးနွေးတင်ပြခဲ့သည်။

အဆိုနှင့်ပတ်သက်ပြီး သြဂုတ် ၁၀ ရက် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့သကဲ့သို့ သက်ဆိုင်သည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍရေးဝန်ကြီး ဦးသိန်းဌေးက ထောက်ခံခဲ့ရာ လွှတ်တော်၏ သဘောထားရယူရာတွင်လည်း ကန့်ကွက်သူမရှိ သဘောတူသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

မူရင်းသတင်း — Eleven Media Group