Eleven Media Group

ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေ နီးပါးထိ ရောက်ရှိလျှက်ရှိပြီး ၂၄ နာရီအတွင်း ပေဝက်ကျော် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇ/လ ထုတ်ပြန်

ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေ နီးပါးထိ ရောက်ရှိလျှက်ရှိပြီး ၂၄ နာရီအတွင်း ပေဝက်ကျော်ခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အထက်ပိုင်းမှ စတင်၍ မြစ်ဖျားခံ စီးဆင်းလျှက်ရှိသော ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေ အမှတ် ၈၇၀ စင်တီမီတာအထက်သို့ သြဂုတ်လ ၈ ရက်နေ့တွင် ကျော်လွန်ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၁ ရက်နေ့ မွန်လွဲတစ်နာရီခွဲ တိုင်းထွာချက်အရ လက်ရှိရေအမှတ်မှာ ၉၈၇ စင်တီမီတာသို့ ရောက်ရှိနေကြောင်း ဒုဌဝတီမြစ်ရေတိုင်းထွာရေးစခန်း(မြစ်ငယ်မြို့) မှ သိရှိရသည်။

"သြဂုတ်လ ၈ ရက်နေ့ မနက် ၅ နာရီခွဲတိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေဟာ ၈၇၉ စင်တီမီတာရှိပြီး မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို စတင်ကျော်လွန်ရောက်ရှိခဲ့တယ် ။ ၉ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ ၉၄၇ စင်တီမီတာထိ ဆက်လက်မြင့်တက်နေပါတယ် ။အောက်ပိုင်းက ဧရာဝတီမြစ်ရေက ထောက်ခံနေတဲ့အတွက် ဒုဌဝတီမြစ်ရေက မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေတဲ့ သဘောဖြစ်ပါတယ် " ဟု ဒုဌဝတီမြစ်ရေတိုင်းထွာရေးစခန်း(မြစ်ငယ်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

ယင်းသို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လျှက်ရှိခြင်းကြောင့် မြစ်ဘေးတစ်လျှောက် ကျေးရွာများသို့ ရေဝင်ရောက်မှု သိသိသာသာ မြင့်တက်လလာ၍ ရေလွှတ်ရာသို့ ပြောင်းရွှေ့လျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလာသည့် ဒုဌဝတီမြစ်ရေမှာ ဧရာဝတီမြစ် အတွင်းသို့ စစ်ကိုင်း-အင်းဝအနီးတွင် ပေါင်းဆုံ စီးဝင်ခြင်းဖြစ်ပြီး လက်ရှိဧရာဝတီမြစ်ရေမှာ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁ ပေခန့်သာ ကျန်ရှိတော့ကြောင်း သိရှိရသည် ။ ယင်းသို့အခြေအနေအရ ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ခြင်းနှင့် ၂၄ နာရီအတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇလဌာနမှ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ဒုဌဝတီမြစ်ရေမှာ ၂၀၀၆ ခုနှစ် အောက်တိုဘာလအတွင်းက မြစ်ငယ်မြို့၏ အမြင့်ဆုံးစံချိန် ၁၀၄၈ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည် ။ ယင်းစံချိန်မှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၆ ပေနီးပါးအထိ ကျော်လွန်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြစ်ရေတိုင်းထွာရေးစခန်း စတင်တည်ထောင်သည့်အချိန်မှစ၍ နှစ်ပေါင်း ၆၀ ကျော်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သည့် စံချိန်တင် ရေအမှတ်ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group