Eleven Media Group

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် တစ်ပေခန့်သာ ကျန်ရှိတော့ပြီး မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းကျသည့် မြို့ပေါ်ရပ်ကွက်အချို့ မြစ်ရေစတင်ဝင်ရောက်

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် တစ်ပေခန့်သာ ကျန်ရှိတော့ပြီး မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းကျရောက်သည့် မြို့ပေါ်ရပ်ကွက်အချို့တွင် မြစ်ရေစတင်ဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ၂၄ နာရီအတွင်း ရောက်ရှိလာနိုင်ကြောင်း သိရပြီး လက်ရှိတွင် မြစ်ရေဝင်ရောက်သည့် မြို့ပေါ်ရပ်ကွက်များတွင် သြဂုတ်လ ၇ ရက်နေ့မှစတင်၍ ပြောင်းရွှေ့မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည် ။

ဧရာဝတီမြစ်ရေချိန်သည် စစ်ကိုင်းမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွက်ချက်အရ ၁၁၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် တစ်ပေခန့်သာ လိုအပ်တော့ပြီး စစ်ကိုင်းမြို့ အောက်ဘက်ရှိ မြင်းမူ ၊ ပခုက္ကူ ၊ ညောင်ဦးမြို့တို့၏ မြစ်ရေအမှတ်များမှာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိလျှက်ရှိကြောင်း တွေ့ရှိရသည်။

ထို့ပြင် ဒုဌဝတီမြစ်ရေမှာလည်း မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၄ ပေ ခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။

" အောက်ဘက်မှာ ဒုဌဝတီ ၊ မူးမြစ်နဲ့ ချင်းတွင်းရေတွေက ထောက်ခံနေတော့ စစ်ကိုင်းမှာ ရေက အီခံနေတယ် ။ အဲ့လိုအခြေအနေမှာ မြစ်ရေက တစ်ရက်ကို တစ်ပေကျော်လောက် မြင့်တက်နေတာကြောင့် စစ်ကိုင်းရဲ့ စိုးရိမ်ရေအမှတ်ကို ၂၄ နာရီအတွင်း ရောက်ရှိလာနိုင်ပါတယ် ။လက်ရှိမှာ မြစ်ရေကို တစ်နာရီခြားတစ်ခါ တိုင်းထွာစောင့်ကြည့်နေပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ ပုံမှန်ရေဝင်ရပ်ကွက်တွေမှာ ရေဘေးရှောင်စခန်းတွေ သတ်မှတ်ဖွင့်လှစ်ပေးထားပြီး ၇ ရက်နေ့ကစပြီး ပြောင်းရွှေ့နေကြပြီ " ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။

စစ်ကိုင်းမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ စီတင်မီတာဖြစ်ပြီး ယင်းရေအမှတ်သို့ ရောက်ရှိပါက မြို့ပေါ် ၁၉ ရပ်ကွက်အနက် ဝါးချက် ၊သောတာပန် ၊ထုံးဘို ၊ စိန်ကုန်း ၊ တကောင်း ၊ ဧမြဝတီ ၊ထားဝယ်စျေး ၊ ဘော်ဂါ ၊ ချင်းစု ၊ပန်းပဲတန်း စသည့်ရပ်ကွက်များမှာ မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။

"ရေဘေးရှောင်စခန်းတွေအနေနဲ့ တကောင်းရပ်မှာ ရွှေဆည်းလည်းဘုရားဝန်းအတွင်း ၊ ထုံးဘိုမှာ သစ်ကနက်ဘုရားဝန်းနဲ့ ဧမြဝတီမှာ အစေခံခံတပ်အနီး စသဖြင့် သတ်မှတ်နေရာတွ ချထားပေးနေတာ လက်ရှိစာရင်းအရ အိမ်ထောင်စု ၆၄ စု ပြောင်းရွှေ့ထားတယ်လို့ သိရတယ် " ဟု ဆက်လက်ပြောကြားခဲ့သည်။

ဧရာဝတီမြစ်ရေမှာ ၂၀၀၄ ခုနှစ် ဇူလိုင်လအတွင်းက စစ်ကိုင်းမြို့၏ အမြင့်ဆုံးစံချိန် တင်ရေအမှတ် ၁၂၄၇ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း ၊ ယင်းစံချိန်မှာ စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော်အထိ ကျော်လွန်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြစ်ရေတိုင်းထွာရေးစခန်း စတင်တည်ထောင်သည့်အချိန်မှစ၍ နှစ်ပေါင်း ၃၀ ကျော်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သည့် စံချိန်တင် ရေအမှတ်ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group