Eleven Media Group

ငါန်းဇွန်မြို့ပေါ် ရပ်ကွက်များအတွင်း မြစ်ကမ်းနံဘေးနေအိမ်များသို့ ဧရာဝတီမြစ်ရေဝင်ရောက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်း စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာသို့ ရောက်လာသဖြင့် မြို့ပေါ် အမှတ် (၁၊ ၂၊ ၃၊) ရပ်ကွက်များအတွင်းရှိ မြစ်ကမ်းနံဘေးနေအိမ်များသို့ မြစ်ရေဝင်ရောက်သဖြင့် ဘေးလွတ်ရာပြောင်းရွှေ့နိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူတို့က သြဂုတ် ၁၀ ရက်က ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အမှတ် (၁) ရပ်ကွက်ရှိ အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၁၉၄ ဦး၊ နွား ၁၄ ကောင်၊ အမှတ် (၂) ရပ်ကွက်ရှိ အိမ်ထောင်စု ၆၃ စု၊ လူဦးရေ ၁၇၁ ဦး၊ နွားကောင်ရေ ၃၀ နှင့် ဝက်ရှစ်ကောင်၊ အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စု ၈၄ စု၊ လူဦးရေ ၂၃၃ ဦးနှင့် နွားသုံးကောင်တို့ကို ၎င်းတို့၏ဆွေမျိုးများနေအိမ်၊ ရွှေကျောင်းမြောက်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းသစ်အနောက်ဘုန်းတော်ကြီးကျောင်း၊ အင်းဝဘုန်းတော် ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အနေဖြင့် စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာအထက် နှစ်ပေခန့် မြစ်ရေကြီးပါက ထူးခြားမြစ်ရေ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ယာယီခိုလှုံရာနေရာအဖြစ် လောကနတ်ခန်းမနှင့် မိုးသိင်္ဂီခန်းမတို့တွင် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group