
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာအထက် ကျော်လွန်ပြီး ဩဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်အရ ၈၃၅ စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူ ၃၉၀ အား ယာယီကယ်ဆယ်ရေးစခန်းနှစ်ခုတွင် ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေရာချထားပေးနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့တွင် မိုးလုံလေလုံအားကစားရုံနှင့် လေသာဘုန်းတော်ကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေး စခန်း နှစ်ခုတို့တွင် အိမ်ထောင်စု ၇၈ စု၊ အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၁၉၆ ဦး၊ စုစုပေါင်းလူဥိးရေ ၃၉၀ အား ယာယီပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။