
တရုတ်နိုင်ငံတွင် ChinaSat-4B ဂြိုဟ်တုကို တင်ဆောင်ထားသည့် Long March 7A ဒုံးပျံကို ဩဂုတ် ၁၀ ရက်က လွှတ်တင်ခဲ့သော်လည်း အဆိုပါဒုံးပျံသည် မိနစ်ပိုင်းအတွင်း လေထုထဲတွင် ပေါက်ကွဲပျက်စီးသွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါ ဒုံးပျံကို ဟိုင်နန်ပြည်နယ်ရှိ ဝမ်ချန်း အာကာသ လွှတ်တင်ရေးစခန်းမှ ပေကျင်းစံတော်ချိန် ည ၈ နာရီ ၂ မိနစ်တွင် လွှတ်တင်ခဲ့ပြီးနောက် လေထုအတွင်းပျံသန်းချိန်တွင် ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုကြောင်း ပျက်စီးခဲ့ခြင်းပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
တရုတ် အမျိုးသား အာကာသ အုပ်ချုပ်ရေးအဖွဲ့က ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပေ။
အဆိုပါ ဒုံးကျည်ပျက်ကျခဲ့မှုနှင့်ပတ်သက်ပြီး X လူမှုမီဒီယာတွင် တင်ထားသည့် ပို့စ်တစ်ခုအောက်တွင် SpaceX ကုမ္ပဏီ စီအီးအို အီလွန်မာ့စ်က ဒုံးပျံနည်းပညာသည် ရူးသွပ်ရလောက်အောင် ခက်ခဲကြောင်း မှတ်ချက်ပြုရေးသားခဲ့သည်။