
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေရယူပြီး ချေးငွေပေးဆပ်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီ ၂၃ ခုနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း (Black lists) ထည့်သွင်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများ လိုက်နာမှုမရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိနိုင်စေရန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဝက်ဘ်ဆိုက်တွင် ပူးတွဲကြေညာထားသည့် ကုမ္ပဏီ ၂၃ ခုနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ (၂၀၂၄) ဖြစ်စဉ်တွင် ချေးငွေရယူပြီး ချေးငွေဆက်လက်ပေးဆပ်ရန် ပျက်ကွက်နေသော ကုမ္ပဏီများဖြစ်သဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အမည်မည်းစာရင်း (Black lists) ထည့်သွင်းသတ်မှတ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။