Eleven Media Group

အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး မီးလောင်မှုဖြစ်ပေါ်ခဲ့သည့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကို မူလပုံစံမပျက် ပြန်လည်ပြုပြင်

အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး မီးလောင်မှုဖြစ်ပေါ်ခဲ့သည့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကို မူလပုံစံမပျက် ပြန်လည်ပြုပြင်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယနေ့(သြဂုတ် ၁၁ ရက်) တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသော အိမ်ရာစီမံကိန်းများနှင့် ပြန်လည်ပြုပြင်နေသည့် မန္တလေးတက္ကသိုလ်ပင်မဆောင်တို့အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်တည်ဆောက်လျက်ရှိသည့် အရာထမ်းကြီး၊ အရာထမ်းနှင့် အမှုထမ်းအိမ်ရာများတည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး ဒုတိယဝန်ကြီးက အဆောက်အဦများ တည်ဆောက်ရာတွင် Myanmar National Building Code 2025 ကိုထုတ်ပြန်ထားပြီးဖြစ်၍ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် ငလျင်ဒဏ်ခံနိုင်စေရေး ထည့်သွင်းတည်ဆောက်သွားရန်၊ အသုံးပြု သည့် ပစ္စည်းများ၏ အရည်အသွေးများ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်သွားမှသာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့များကလည်း လုပ်ငန်းစဉ် အဆင့်လိုက် စစ်ဆေးဆောင်ရွက်ရမည့် အတိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အဦ များအရည်အသွေးနှင့်လက်ရာလက်သားကောင်းမွန်စေရေးသတ်မှတ်ကာလအတွင်း တည်ဆောက် ရေးလုပ်ငန်းများ ပြီးစီးစေရေးတို့ကို တာဝန်ရှိသူများက အလေး ထားဆောင်ရွက်ရမည်ဖြစ်ပြီး လမ်း၊ ရေနှင့် လျှပ်စစ်မီးစသည့် Infrastructureများ တစ်ပြိုင်နက် ပြီးစီးအောင်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတက္ကသိုလ်ပင်မဆောင် မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုပြီး မြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)နှင့် တာဝန်ရှိသူများအား သတ်မှတ်အချိန်တွင်းပြီးစီးရေး ဆောင်ရွက်သွားရာတွင်လည်း မူလဗိသုကာ လက်ရာများမပျက်စီးရေး၊ လက်ရာလက်သားသပ်ရပ်ကောင်းမွန်စေရေး၊ အသုံးပြုမည့် ပစ္စည်းများအရည်အသွေးပြည့်မီစေရေး၊ စံချိန်စံညွှန်းများအတိုင်းဆောင်ရွက်သွားရေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမသို့ ရောက်ရှိရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်နှင့်အတူ ဘွဲ့နှင်းသဘင်ကျင်းပပြုလုပ်မည့် အလျား (၁၀၈)ပေ၊ အနံ(၄၀)ပေ ရှိသော ခန်းမ၏ အပေါ်ဆုံးထပ်တွင် လူဝင်ဆံ့နိုင်မှုအခြေအနေတို့ကိုကြည့်ရှုပြီး ရတနာပုံတက္ကသိုလ်အတွင်း အဆောက်အဦများဆက်လက် တည်ဆောက်နိုင်ရန်အတွက် မြေနေရာများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၀ ရက်ကလည်း ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင် လုပ်ငန်းများဆောင်ရွက်ထားမှု၊ စက်ရုံများလည်ပတ်နေမှုအခြေအနေနှင့် လမ်းတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group