
ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ယနေ့ (သြဂုတ် ၁၂ ရက်) တွင် ဆေးရုံတက်ရောက်ကုသနေသူ ၁၇၀ ဦးရှိပြီး ၎င်းတို့အနက် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၃ ဦးရှိကြောင်း လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ယနေ့ (သြဂုတ် ၁၂ ရက်) ညနေ ၆ နာရီခွဲခန့်တွင် ပြောကြားသည်။
သြဂုတ် ၁၁ ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၉၇ ဦးရှိပြီး ယနေ့ (သြဂုတ် ၁၂ ရက်) တွင် ၈၄ ဦး ထပ်မံ၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြောင်း လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
သြဂုတ် ၁၁ ရက်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၉၇ ဦးအနက် ၁၁ ဦးမှာ ရောဂါသက်သာသဖြင့် ယနေ့ (သြဂုတ် ၁၂ ရက်) တွင် ဆေးရုံမှ ဆင်းသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကာလဝမ်းရောဂါပိုးတွေ့တဲ့လူနာ ၉၃ ဦးရှိတယ်။ အသေအပျောက် မရှိဘူး”ဟု လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
လသာမြို့နယ်အနေဖြင့် သြဂုတ် ၁၁ ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာ ၁၆ ဦးရှိခဲ့ပြီး ယနေ့ (သြဂုတ် ၁၂ ရက်) တွင် ၁၃ ဦး ထပ်မံတွေ့ရှိကာ ၎င်းတို့အနက် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ လေးဦးရှိကြောင်း လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
ကာလဝမ်းရောဂါပိုး တွေ့ရှိရသည့် လူနာများအား ရန်ကုန်ဆေးရုံကြီးတွင် သီးသန့်အဆောင်ဖြင့် ထားရှိ၍ ပိုးသတ်ဆေးများ၊ ကုသရမည့် ဆေးဝါးများဖြင့် ဂရုတစိုက် ကုသမှုပေးနေကြောင်း လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
ကာလဝမ်းရောဂါပိုး ပိုးတွေ့လူနာများ များပြားလာပါက ထပ်တိုးလူနာများအတွက် ရန်ကုန်ဆေးရုံကြီးတွင် အဆောင်သစ်တစ်ခုအား ကုတင်များ တပ်ဆင်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းလည်း ၎င်းက ဆိုသည်။
လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဌာနဆိုင်ရာများ၊ စည်ပင်သာယာ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝမ်းပျက်ဝမ်းလျှောဖြစ်စေမည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုး စသည့် ဆိုင်များအား ၂ ရက်၊ ၃ ရက်ခန့် ရပ်နားထားရန် ပြောကြားထားကြောင်း သိရသည်။
ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကာလဝမ်းရောဂါပိုး တွေ့ရှိသည့် နေအိမ်နှင့် အနီးတစ်ဝိုက်တွင်လည်း ပိုးသတ်ဆေးဖျန်းခြင်း အပါအဝင် ရေသန့်ရှင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ရေပိုက်များ သန့်ရှင်းစေရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။