Eleven Media Group

■ တရုတ် ဝန်ကြီးချုပ်ဟောင်း ကျို့ရုံဇီ အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်

​တရုတ်၏ အံ့မခန်းစီးပွားရေး တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့သည့် ဈေးကွက်ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရာတွင် အ‌‌ကူအညီပေးခဲ့သည့်ဝန်ကြီးချုပ်ဟောင်း ကျို့ရုံဇီ (Zhu Rongji) သည် နာမကျန်းဖြစ်ရာမှအသက် ၉၇ နှစ်အရွယ် ဩဂုတ် ၁၂ ရက်နံနက်ပိုင်းတွင် ကွယ်လွန်သွားသည်ဟုနိုင်ငံပိုင်မီဒီယာကဖော်ပြသည်။

​တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်ပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည့် နာရေးသတင်းတွင် ကျို့ရုံဇီသည် ပေကျင်းမြို့၌ကုသမှု ခံယူခဲ့သော်လည်း ရောဂါမသက်သာသဖြင့် ဩဂုတ် ၁၂ ရက်တွင်ကွယ်လွန်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကျို့ရုံဇီသည် ၁၉၉၈ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ပြင်းပြင်းထန်ထန်
ပုံ‌ဖော်သူအဖြစ် နာမည်ရခဲ့သည်။

​၎င်း၏အထင်ရှားဆုံးသော ပြုပြင်ပြောင်း လဲမှုများထဲတွင် အမြတ်မပေါ်သောနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုရေး၊မြို့ပြအိမ်ရာများကို ပုဂ္ဂလိကပိုင်ပြုရေး၊အိမ်ပိုင်ရာပိုင်ဖြစ်ရေးကို အားပေး‌ရေးဟူသောကျယ်ပြန့်သည့်အစီအစဉ်များပါဝင်ခဲ့သည်။

ကျို့ရို့ဇီသည် "တရုတ်ကွန်မြူနစ်ပါတီ၏ ထူးချွန်သော အဖွဲ့ဝင်တစ်ဦး၊ ကာလရှည်စမ်းသပ်ခံရသော သစ္စာရှိ ကွန်မြူနစ် တိုက်ခိုက်ရေးသမားတစ်ဦး" ဖြစ်သည်ဟု ဆင်ဟွာက ၎င်း၏ နာရေးသတင်းကိုကိုးကားဖော်ပြခဲ့သည်။

​"ရဲဘော်ရဲဘက် ကျို့ရုံဇီ၏ဘဝသည် တော်လှန်ရေးဘဝ၊ ကြိုးပမ်းလှုပ်ရှားမှုဘဝ၊ ဂုဏ်‌‌ရောင်လွှမ်းသောဘဝ ဖြစ်သည်" ဟုဖော်ပြခဲ့သည်။

Ref:AFP
AFP photos

မူရင်းသတင်း — Eleven Media Group