Myanmar National Post

ကမာရွတ်မြို့နယ်၌ ရပ်ထားသည့်မော်တော်ယာဉ်အတွင်းမှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ဒေါ်xxxx(၅၂)နှစ်သည် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ MAB Bank အနီးလမ်းဘေး၌ ၎င်းပိုင် YGN-8 2F-Xxxx NISSAN MARCH မော်တော်ယာဉ်အား Lock ချရပ်တန့်ကာ MAB Bank အတွင်းသို့ ငွေအပ်နှံရန်အတွက် ၆ မိနစ်ခန့်သွားရောက်စုံစမ်း၍ ပြန်လည်ထွက်ခွာလာပြီး မော်တော်ယာဉ်တံခါးဖွင့်၍ စစ်ဆေးစဉ် မော်တော်ယာဉ်၏နောက်ခန်းတွင် ထားရှိခဲ့သော ငွေကျပ်သိန်း ၆၀၀ မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူ သွားသူအား ဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း၌ (ပ)၁၅၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုရေးဖွင့်ပြီး ခိုးမှုကျူးလွန်သူ တရားခံအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများအား စစ်ဆေး ဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ခိုးမှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အုန်းကုန်းကျေးရွာနေ တရားခံဇော်လတ်(ခ) အောင်ဇော်လတ် (၃၈) နှစ်အား ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းတွင် ဟင်္သာတမြို့နယ်၊ အင်းကုန်း ကျေးရွာရှိ ၎င်း၏နေအိမ်၌ ခိုးမှုကျူးလွန်ရာမှရရှိခဲ့သည့် ငွေကျပ်သိန်း ၁၄၀ နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

တရားခံ ဇော်လတ်(ခ)အောင်ဇော်လတ်အား စစ်ဆေးရာ ၎င်းသည် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ MAB Bank အနီး လမ်းဘေး၌ ရပ်တန့်ထားသည့် YGN-8 2F-xxxx NISSAN MARCH အဖြူရောင်ယာဉ်ပေါ်မှ ပိုင်ရှင် အမျိုးသမီးဆင်းလာကာ ယာဉ်အားလော့ချစဉ် ၎င်းမှ မော်တော်ယာဉ်၏ဝဲဘက်အနောက်တံခါး လက်ကိုင်ကွင်းအား လော့ချမရအောင် မတင်ထားခဲ့ကြောင်း၊ ထို့နောက် ယာဉ်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးမှ MAB Bank သို့သွားရောက်နေစဉ် ယာဉ်နောက်ခန်းအတွင်းရှိ ငွေကျပ်သိန်း ၆၀၀ အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ဇော်လတ်(ခ)အောင်ဇော်လတ်၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်ရာ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခိုးမှုကျူးလွန် ရာမှရရှိသည့် ငွေကျပ်သိန်း ၆၀၀ မှ ဝယ်ယူထားသည့် ရွှေလက်စွပ်နှစ်ကွင်းနှင့် ငွေကျပ်သိန်း ၁၀၀ အား ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိနေအိမ်မှလည်းကောင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်မှငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် မော်တော်ယာဉ်အတွင်းမှ ငွေကျပ်သိန်း ၆၀၀ ခိုးယူသူတရားခံ ဇော်လတ်(ခ) အောင်ဇော်လတ်အား သက်သေခံပစ္စည်းများဖြစ်သည့် ရွှေလက်စွပ်နှစ်ကွင်း၊ ငွေကျပ်သိန်း ၃၄၀ တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post