Eleven Media Group

■ ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီးပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း(၆ဝဝ) ခိုးယူသွားသူအား ဟင်္သာတမြို့နယ်တွင် ဖမ်းဆီးရမိ

ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ အင်းစိန်လမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း(၆ဝဝ) ခိုးယူသွားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဟင်္သာတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၅ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် အမျိုးသမီးတစ်ဦးသည် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ လှည်းတန်း၊ အင်းစိန်လမ်း၊ MAB Bank ရှေ့တွင် Nissan Mash အဖြူရောင် မော်တော်ယာဉ်အား ခေတ္တရပ်ထားခဲ့ပြီး (၆)မိနစ်ခန့်အကြာတွင် မော်တော်ယာဉ်ဆီသို့ ပြန်လာပြီးယာဉ်တံခါးဖွင့်ကြည့်ရာ ယာဉ်ပေါ်တွင်တင်ထားသော ကြွပ်ကြွပ်အိတ်(၂)အိတ်ဖြင့် ခွဲထုပ်ထားသည့် ငွေကျပ် သိန်း(၆၀၀) ပျောက်ဆုံးနေကြောင်းတွေ့ရှိရ၍ သက်ဆိုင်ရာ ကမာရွတ်မြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့တိုင်ကြားရာအမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များကစုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၀ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ဇော်လတ် (၃၈)နှစ်ဆိုသူ အုန်းကုန်းရွာ၊ ဟင်္သာတမြို့နယ်နေသူအား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ထို့အပြင် ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေကျပ်သိန်း(၆၀၀)အနက်မှ ကျန်ရှိငွေ ကျပ်သိန်း(၃၄၀)နှင့် ၎င်းဝယ်ယူထားသည့် ရွှေထည်ပစ္စည်းများအားသိမ်းဆည်းနိုင်ခဲ့ပြီး ဇော်လတ်ကို တရားစွဲတင်နိုင်ရေးအတွက် ရဲတပ်ဖွဲ့ မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group