
ကရင်ပြည်နယ်၊မြဝတီ နယ်စပ်မြို့ တွင် မူးယစ်ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် လောင်းကစားလုပ်ငန်းများ ပပျောက်စေရေးအတွက် ငါးဂိမ်းလောင်းကစား ရုံများ ဖမ်းဆီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့တွင် ငါးဂိမ်းရုံများ၊ ငါးဂိမ်းလောင်းကစားခြင်းများနှင့် ပတ်သက်၍ ထပ်မံလုပ်ကိုင်နေခြင်း မရှိစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ မိမိအမာခံသတင်းပေးများထံမှ သတင်းရရှိပါက ဖမ်းဆီးရမိရေး အရှိန်အဟုန်တိုးမြှင့်၍ ဆက်လက်ဖမ်းဆီးဆောင်ရွက်လျှက်ရှိသည်ဟု ကရင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း က ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၌ ဖြေကြားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် လောင်းကစားငါးဂိမ်းရုံများ ပပျောက်အောင် စီမံချက်များဖြင့် ဖမ်းဆီးအရေးယူပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိနှင့်ပတ်သက်၍ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးကောက်တင်မြှောက်ခံရသည့် ကရင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဉီးအေးမင်းထွေးက မဲဆန္ဒရှင်ပြည်သူများကိုယ်စား ဩဂုတ်လ (၁၁) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့သည့် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ ဒုတိယနေ့တွင် မေးမြန်းခဲ့ရာ ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့အတွင်း ငါးဂိမ်းရုံများဖမ်းဆီးရမိရေးနှင့် လောင်းကစားမှု ပပျောက်ရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များန့ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း၊ လှည့်ကင်းပတ်ကင်းများဆောင်ရွက်ခြင်း၊ အမာခံသတင်းပေးများထံမှ ကြိုတင်သတင်းများရယူခြင်းဖြင့် ဖမ်းဆီးရေးများဆောင်ရွက်ခဲ့ကြောင်း ၊
ထိုသို့ ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၄)ရက်နေ့အထိ မြဝတီခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း ငါးဂိမ်းလောင်းကစားမှူ (၁၃) မှူကို အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး တရားခံ ကျား(၉၉)ဦး၊ မ(၆၅)ဦး စုစုပေါင်း (၁၆၄)ဦးအား ဖမ်းဆီးအရေးယူထားရှိကာ ငွေ(၂၅၉၅၀၀၀)ကျပ်၊ဂိမ်းခုံ (၇၉)ခုံအား သိမ်းဆည်းခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
ထို့အပြင် မြဝတီမြို့တွင် ခိုး ဆိုး လု နှိုက် ပြုလုပ်သူများသည် အဆိုပါ ငါးဂိမ်းလောင်းကစားရုံများတွင် ခိုအောင်းနေပြီး ညဥ့်နက်ချိန်များတွင်ထွက်၍ ခိုးဆိုးလုနှိုက်ခြင်းများ၊နေအိမ်ဖောက်ထွင်းခိုးယူမှူများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။