Eleven Media Group

ပြင်ဦးလွင်မြို့နယ်တွင် တောင်တမာပင်၏ သစ်ကိုင်းကျိုးကျမှုကြောင့် ရပ်နားထားသည့် Expressယာဉ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျပြီး ဓာတ်လိုက်ရာမှ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းရှိ တောင်တမာပင်၏ သစ်ကိုင်းကျိုးကျ၍ ရပ်နားထားသည့် Expressယာဉ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျကာ ကားပေါ်ရှိ အမျိုးသား ၃ ဦး ဓာတ်လိုက်ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၂၆ ခုနှစ် သြဂုတ်လ ၁၂ ရက် ည ၁၀ နာရီ ၃၄ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းရှိ တောင်တမာပင်၏ သစ်ကိုင်းကျိုးကျကာ ရပ်နားထားသော Expressယာဉ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်ရှိ အမျိုးသား ၃ ဦး ဓာတ်လိုက်မှုဖြစ်ပွားနေကြောင်းသတင်းအရ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အမျိုးသား ၃ ဦးအနက် အမျိုးသား ၁ ဦး (‌​သေဆုံး)၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းနှင့် ပြင်ဦးလွင်လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မူရင်းသတင်း — Eleven Media Group