Eleven Media Group

လေးမျက်နှာမြို့နယ်နှင့်ဆက်စပ်နေသည့် ရေကြည်မြို့နယ်ရှိ ရေဘေးရှောင်စခန်းများ၌ လှူဒါန်းမှုအကူအညီများလိုအပ်နေ

လေးမျက်နှာမြို့နယ်နှင့်ဆက်စပ်နေသည့် ရေကြည်မြို့နယ်ရှိ ရေဘေးရှောင်စခန်းများ၌ လှူဒါန်းမှုအကူအညီများလိုအပ်နေကြောင်း သိရသည်။

အဓိကအားဖြင့် ကျေးရွာများရှိ ရေဘေးရှောင်စခန်းများတွင် ပံ့ပိုးလှူဒါန်းမှုများလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ ကြို့ကုန်းစာသင်ကျောင်း၌ ခိုလှုံနေသူ ရေဘေးရှောင်ဒေသခံတစ်ဦးက “စားသောက်ရေးအခက်အခဲရှိပါတယ်။ ကျွန်မတို့ရေဘေးရှောင်စခန်းမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း များတယ်။ ကျန်းမာရေးအတွက်လည်း လိုအပ်ပါတယ်။ အလှူရှင်တွေ အရောက်အပေါက်နည်းတယ်။ ခုရေဝင်တဲ့နေရာတွေမှာ တချို့အိမ်တွေဆို အိမ်တစ်ဝက်၊ တချို့အိမ်တွေဆို တံစက်မြိတ်ရောက်တာတွေလည်းရှိနေပါပြီ။ ဒီနားကတော့ ကုန်းလေးဆိုတော့ လာပြီး စုနေကြတာပါ။ တော်တော်လေးဒုက္ခရောက်ကြပါတယ်”ဟု ဖြေကြားသည်။

ရေကြည်မြို့နယ်၊ လှေတော်ရုံရွာမှ ရေဘေးသင့်ဒေသခံတစ်ဦးက “တံတားကလည်း ရေမြုပ်သွားပြီ။ အိမ်တွေလည်း မြုပ်ကုန်ပြီ။ ဆင်းရဲကြပါတယ်။ လက်လုပ်လက်စားတွေဆိုတော့ နေရေးစားရေးအဆင်မပြေကြဘူး။ အသက်(၇၅)၊ (၈၀)ကျော် လူကြီးတွေက အပေါ့အပါး မလွယ်တော့ မြင့်တဲ့အိမ်တချို့ကိုပို့ထားပြီး ထမင်းပို့တော့မှ ပြန်ပို့ကြရတယ်။ လှေတော်ရုံဘုရားမှာ အကုန်စုနေကြပါတယ်။ အလှူရှင်အရောက်အပေါက်နည်းတယ်။ အလှူရှင်ရှိမှ ဟိုဘက်ကမ်းကနေ လာယူကြရတာ။ အလှူရှင်တွေကလည်း တစ်တန်တစ်လျား မလာနိုင်တော့ ကိုယ်တွေက ဒီဘက်ကမ်းကို ဖောင်နဲ့လာရတယ်။ ဖောင်နဲ့ကဲ့ပြီးမှ ဟိုဘက်ကမ်းမှာ ပြန်ဝေပေးရတာပေါ့”ဟု ဖြေကြားသည်။

“ကူညီမှုတွေက လေးမျက်နှာမြို့နယ်ကိုပဲ အလုံးအရင်းဝင်နေပြီး ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်ဘက်ဆီ ရောက်ကြတာ အတော်နည်းတယ်ပြောရမယ်။ ရွာဘက်တွေမှာ ပိုပြီးအကူအညီလိုနေတာတွေ့ရတယ်။ မြို့ပေါ်ကတော့ လက်လှမ်းမှီကြတဲ့သဘောရှိတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေကို လိုအပ်တဲ့နေရာတွေထိရောက်အောင် ကျွန်တော်တို့စနစ်တကျကြိုးပမ်းနေပါတယ်။ ရေကြည်၊ ကျုံပျော်က ညီနောင်အဖွဲ့တွေနဲ့ပေါင်းစပ်တိုင်ပင်ပြီး အိမ်ခြေအိမ်ထောင်စုစာရင်း သေချာလေ့လာပြီး လှူဒါန်းနေပါတယ်။ကျွန်တော်တို့လည်း မနေ့ကလှူပြီးအပြန် ကားဘီးပွင့်သွားတယ်။ အခက်အခဲတွေ၊ မပြည့်စုံမှုတွေကြားကပဲ ရှိတာလေးနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းကူညီပေးနေပါတယ်။ အခြားသော အလှူရှင်များလည်း သိရှိပြီး လိုအပ်တဲ့နေရာတွေထိပံ့ပိုးပေးကြစေလိုပါတယ်”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

လေးမျက်နှာမြို့နယ် တာကျိုးပေါက်မှဝင်ရောက်လာသည့် မြစ်ရေများမှာ လက်ရှိတွင် ရေကြည်မြို့နယ်ထဲထိ ရောက်ရှိလာပြီး ရေဝင်ဒေသများရှိ စိုက်ပျိုးမြေများနှင့် လူနေအိမ်များ နစ်မြုပ်မှုရှိလာပြီဖြစ်ကြောင်း သိရသည်။

အောင်ကျော်မျိုး

မူရင်းသတင်း — Eleven Media Group