Myanmar National Post

ရုရှား - အိန္ဒိယ ရထားလမ်းကြောင်းလုံခြုံရေးကို တာဝန်ယူပေးမယ်လို့ တာလီဘန်အစိုးရ ပြော


ဩဂုတ် - ၁၃ ( ကြာသပတေးနေ့ ) 

ရုရှားကနေ အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက်ရရှိစေမယ့် ရုရှား-အိန္ဒိယ ရထားလမ်းကြောင်း စီမံကိန်း ဘေးကင်းလုံခြုံရေး အတွက် တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အစိုးရက ပြောကြားလိုက်ပါတယ်။

အာဖဂန်နစ္စတန်ဟာ အရေးပါတဲ့ ပထဝီဝင်တည်နေရာမှာ ရှိနေတာပါ။ ဒီစီမံကိန်းဟာ အာဖဂန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာဖြစ်လို့ ကျနော်တို့ဘက်က အခုလို စီမံကိန်းတွေကို ထောက်ခံပါတယ်" လို့ တာလီဘန် စီးပွားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာ ရာမန်ဟာဘစ်  က RT India သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ ရှားပါး အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ရုရှား-အိန္ဒိယ ရထားလမ်းကြောင်း စီမံကိန်းကိုတော့ ရုရှား ဒုတိယဝန်ကြီးချုပ် မာရက်ခူစနားလင်း က စတင်အဆိုပြုခဲ့တာဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားဘက်မှာ ပင်လယ်ရေကြောင်း လမ်းပိတ်ဆို့မှု/အနှောင့်အယှက် ဖြစ်နိုင်ခြေ အန္တရာယ်တွေကို လျှော့ချဖို့အတွက် ရုရှားအနေနဲ့ အိန္ဒိယသမုဒ္ဒရာဆီ ပေါက်ရောက်မယ့် ရထားလမ်းကြောင်း တစ်ခု လိုချင်တာဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ခူစနားလင်းကတော့ အိန္ဒိယဆီ ပေါက်ရောက်နိုင်မယ့် ဘယ်လမ်းကြောင်းမဆို လက်ခံနိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပြီး တာခ်မန်နစ္စတန်၊ အီရန်၊ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန် စတဲ့ နိုင်ငံတွေကို ဖြတ်သန်းမယ့် လမ်းကြောင်းတွေကို လေ့လာဆန်းစစ် သွားနိုင်တယ်လို့ အကြံပြုထားပါတယ်။

အာဖဂန်နစ္စတန်ဟာ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝပေမဲ့ ပင်လယ်ထွက်ပေါက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ အိန္ဒိယနိုင်ငံဆီ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ရထားလမ်းကြောင်းသာ ရှိလာရင် ကာဘူး (အာဖဂန်အစိုးရ) အတွက် ကုန်သွယ်ရေး ဝင်ငွေတွေ ပိုမိုတိုးတက်လာစေမှာပါ။

၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်တွေ အနှစ် ၂၀ ကြာ စစ်ပွဲအပြီး ရုပ်သိမ်းသွားပြီးနောက် တာလီဘန်အဖွဲ့ အာဏာရလာချိန်ကစလို့ အာဖဂန်မှာ တည်ငြိမ်အေးချမ်းမှုကို အတော်အတန် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနဲ့ တာလီဘန် အစိုးရတို့ဟာ အာရှအလယ်ပိုင်းမှာ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုကို ပိုခိုင်မာစေဖို့အတွက် ပြီးခဲ့တဲ့ မေလတုန်းက စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် ရေးထိုးခဲ့ကြပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post