
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဩဂုတ် ၁၂ ရက်က စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုကြောင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ လေယာဉ် အခြေစိုက်သည့် စစ်စခန်းက သတင်းထုတ်ပြန်ခဲ့သည်။
"Fort Hood စခန်းမှာ အခြေစိုက်တဲ့ AH-64E Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းဟာ ဒီနေ့မှာ (ဩဂုတ် ၁၂ ရက်) ဆာလာဒို မြို့မှာ ပျက်ကျခဲ့ပါတယ်။ စစ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုပါတယ်" ဟု အဆိုပါ စစ်စခန်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"Fort Hood စခန်းက တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်"ဟုဆိုသည်။
ပျက်ကျချိန်တွင် အဆိုပါ လေယာဉ် မည်သည့် တာဝန် ထမ်းဆောင်နေသည်ဆိုသည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသည့်အပြင် သေဆုံးသူများ၏ မူလမိသားစုဝင်များကို အကြောင်းမကြားရသေးမီအထိ ၎င်းတို့၏ အမည်များကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ လူသေဆုံးမှုရှိခဲ့သည့်ရဟတ်ယာဉ် ပျက်ကျမှုသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန် လေတပ်သုံး B-52 ဗုံးကြဲလေယာဉ် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၈ ဦးစလုံး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားအပြီး နှစ်လခန့်အကြာတွင် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref:AFP
Photo:Reuters