Eleven Media Group

ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေခန့်တွင် ဆက်လက်တည်ရှိနေပြီး ၂၄ နာရီအတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကြောင်း မိုးဇ/လ ထုတ်ပြန်

ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေခန့်တွင် ဆက်လက်တည်ရှိနေပြီး ၂၄ နာရီအတွင်း ပေဝက် ခန့် ကျဆင်း လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည် ။

အထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အထက်ပိုင်းမှ စတင်၍ မြစ်ဖျားခံ စီးဆင်းလျှက်ရှိသော ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေအမှတ် ၈၇၀ စင်တီမီတာအထက်သို့ သြဂုတ်လ ၈ ရက်နေ့တွင် ကျော်လွန်ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့ မွန်လွဲတစ်နာရီခွဲ တိုင်းထွာချက်အရ လက်ရှိ ရေအမှတ်မှာ ၉၅၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း ဒုဌဝတီမြစ်ရေတိုင်းထွာရေးစခန်း(မြစ်ငယ်မြို့) မှ သိရှိရသည် ။

"သြဂုတ်လ ၈ ရက်နေ့ မနက် ၅ နာရီခွဲတိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေဟာ ၈၇၉ စင်တီမီတာနဲ့ မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို စတင်ကျော်လွန်ရောက်ခဲ့ပြီး ၁၁ ရက်နေ့မှာ ၉၈၇ စင်တင်မီတာထိ မြင့်တက်ခဲ့တယ် ။ ကနေ့ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၆ နာရီခွဲမှာ ၉၆၃ စင်တီမီတာ နဲ့ မွန်းလွဲ တစ်နာရီခွဲမှာတော့ ၉၅၉ စင်တီမီတာ တိုင်းထွာရရှိပြီး အကျဘက်ကို ဦးတည်နေပါပြီ ။အောက်ပိုင်းက ဧရာဝတီမြစ်ရေက ထောက်ခံနေသေးလို့ ဒုဌဝတီမြစ်ရေက မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေတဲ့သဘောဖြစ်ပါတယ် " ဟု ဒုဌဝတီမြစ်ရေတိုင်းထွာရေးစခန်း(မြစ်ငယ်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခြင်းကြောင့် အမရပူရ ၊ စဉ့်ကိုင် ၊ ပုလိပ် ၊ တံတားဦး ၊ အင်းဝ မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ရေဝင်ရောက်လျှက်ရှိပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့လျှက်ရှိကြောင်း သိရသည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလာသည့် ဒုဌဝတီမြစ်ရေမှာ ဧရာဝတီမြစ်အတွင်းသို့ စစ်ကိုင်း-အင်းဝ အနီးတွင် ပေါင်းဆုံ စီးဝင်ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ အောက်ပိုင်း ဧရာဝတီမြစ်ရေမှာ မြင်းမူ ၊ပခုက္ကူ ၊ညောင်းဦးမြို့များ၏ စိုးရိမ်ရေအမှတ်အသီးသီး သို့ ကျော်လွန်လျှက်ရှိကြောင်း သိရှိရသည် ။

ဒုဌဝတီမြစ်ရေမှာ ၂၀၀၆ ခုနှစ် အောက်တိုဘာလအတွင်းက မြစ်ငယ်မြို့၏ အမြင့်ဆုံးစံချိန် ၁၀၄၈ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည် ။ ယင်းစံချိန်မှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၆ ပေနီးပါးအထိ ကျော်လွန်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြစ်ရေတိုင်းထွာရေးစခန်း စတင်တည်ထောင်သည့်အချိန်မှစ၍ နှစ်ပေါင်း ၆၀ ကျော် အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သည့် စံချိန်တင် ရေအမှတ်ဖြစ်ကြောင်း သိရှိရသည် ။

မူရင်းသတင်း — Eleven Media Group