Eleven Media Group

Air India လေကြောင်းလိုင်းမှ လေယာဉ်မှူးအားလုံးကို တားမြစ်ဆေးဝါးများ သုံးထားခြင်းရှိ၊ မရှိ စစ်ဆေးမည်

Air India လေကြောင်းလိုင်းသည် ၎င်း၏ လေယာဉ်မှူးအားလုံးကို မူးယစ်ဆေးဝါးအပါအဝင် တားမြစ်ပစ္စည်းများ သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမှုများကို ချက်ချင်းစတင်မည်ဟု သိရသည်။

ဖူးခက်မှ ဒေလီသို့ ပျံသန်းလာသည့် Air India လေယာဉ်တစ်စင်း ရုတ်တရက် အမြင့်ပေကျဆင်းခဲ့ပြီး ပဏာမစုံစမ်းစစ်ဆေးမှုအရ အဆိုပါလေယာဉ်၏ အကြီးတန်းလေယာဉ်မှူးသည် မူးယစ်ဆေးဝါးစစ်ဆေးမှုကို ထပ်မံခံယူခဲ့ရသည်။ သတင်းများအရ လေယာဉ်မှူး၏ စစ်ဆေးမှုရလဒ်တွင် ဆေးခြောက်သုံးစွဲထားကြောင်း တွေ့ခဲ့သည်။

Air India ၏ စရိတ်နည်း လေကြောင်းလိုင်းခွဲဖြစ်သည့် Air India Express မှ လေယာဉ်မှူးများကိုလည်း အလားတူ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မူးယစ်ဆေးအပြင် လေကြောင်းစည်းမျဉ်းများအရ လေယာဉ်မှူးများ သုံးစွဲခွင့်တားမြစ်ထားသည့် ဆေးဝါးများကိုလည်း ထည့်သွင်းစစ်ဆေးမည်ဖြစ်သည်။

စည်းမျဉ်းသတ်မှတ်ချက်များထက် ကျော်လွန်ပြီး လုပ်ဆောင်သည့် ယခုအစီအစဉ်သည် ဘေးကင်းလုံခြုံရေးနှင့် ပရော်ဖက်ရှင်နယ် စံနှုန်းများကို အမြင့်ဆုံးအဆင့်တွင် ထိန်းသိမ်းရန်ဖြစ်ပြီး ခရီးသည်များနှင့် လူထုတစ်ရပ်လုံးအတွက် ယုံကြည်စိတ်ချမှု ရှိစေရန် ရည်ရွယ်သည်ဟု Air India က ပြောသည်။

Air India သည် ၂၀၂၅ ခုနှစ် ၊ ဇွန်လအတွင်း လေယာဉ်ပျက်ကျခဲ့သည့် ဖြစ်စဉ်ကြောင့်လည်း စောင့်ကြည့်စစ်ဆေးမှုများနှင့် ဖိအားများကို ရင်ဆိုင်နေရသည်။ အာမက်ဒါဘတ်မှ လန်ဒန်သို့ ပျံသန်းသည့် လေယာဉ်ပျက်ကျခဲ့မှု၌ လေယာဉ်ပေါ်လိုက်ပါလာသူ လူ ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ လူ ၁၉ ဦး သေဆုံးခဲ့ကာ ခရီးသည်တစ်ဦးသာ ရှင်ကျန်ခဲ့သည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group