Eleven Media Group

အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို မြောက်ကိုရီးယား ရှုတ်ချ

အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ဟန့်တားမှုပုံစံ အသစ်ဖြင့် တုံ့ပြန်သွားမည်ဟု ဩဂုတ် ၁၄ ရက်က သတိပေးခဲ့သည်။

ဩဂုတ် ၁၇ ရက်တွင် စတင်မည့် ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားအတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယား၏ အန္တရာယ်မှ ကာကွယ်ရန် ပြင်ဆင်သည့် နွေရာသီ ပုံမှန် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခု ဖြစ်သည်။

မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်အတွက် လေ့ကျင့်မှုများအဖြစ် စွပ်စွဲလေ့ရှိပြီး ယခုသီတင်းပတ်အတွင်းကလည်း စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့သည်။

အမေရိကန်၏ လာမည့် စစ်ရေးလေ့ကျင့်မှုများသည် လွန်ခဲ့သော ၅ နှစ်အတွင်း ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများနှင့် များစွာကွဲပြားခြားနားပြီး ခေတ်သစ်စစ်ပွဲများ၏ ပုံစံသစ်များပေါ် အခြေခံကာ စစ်ပွဲ ဆင်နွှဲနိုင်စွမ်းကို ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ခြိမ်းခြောက်မှု ပုံစံအသစ်တစ်ခုကို ဟန့်တားမှု ပုံစံအသစ်တစ်ခုဖြင့် တုံ့ပြန်ခြင်းသည် လုံခြုံရေး အာမခံချက်ပေးနိုင်ရေးအတွက် မိမိတို့၏ ခိုင်မာသော မူဝါဒဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group