
ကော်စတာရီကာနိုင်ငံမှ မူးယစ်ဆေးဝါးမှောင်ခိုသမားတစ်ဦးနှင့် မူးယစ်ဆေးဝါးဂိုဏ်းဝင်တစ်ဦးကို အမေရိကန်သို့ ဩဂုတ် ၁၃ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကော်စတာရီကာ အာဏာပိုင်များက ပြောကြားခဲ့သည်။
Macho Coca ဟု လူသိများသော ကော်စတာရီကာ စီးပွားရေးလုပ်ငန်းရှင် ဂေးလ်ဘတ် ဘဲလ် ဖာနန်ဒက်စ်နှင့် Compadre ဟု လူသိများသော ကိုလံဘီယာနိုင်ငံသား ဂါဘရီယယ် လိုဇာနို ဘိုနီလာတို့အား စန်ဟိုဆေးမြို့၏ အနောက်မြောက်ဘက်ရှိ ဟွမ် ဆန်တာမာရီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် နယူးယော့ခ်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၃ နှစ်အရွယ် ဘဲလ် ဖာနန်ဒက်စ်အား ကော်စတာရီကာနိုင်ငံ၏ အကြီးဆုံး မူးယစ်ဆေးဝါးမှောင်ခိုသမားများထဲမှ တစ်ဦးအဖြစ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီး၊ အဆိုပါ ဝန်ကြီးဌာန၏ အချက်အလက်များအရ ၎င်းကို ၂၀၂၃ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုစာရင်း၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။
"အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) က သူတို့နှစ်ဦးကို Gulf Clan မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်နွှယ်နေတယ်လို့ ဖော်ပြထားပါတယ်" ဟု ကော်စတာရီကာ ရှေ့နေချုပ် ကားလို့စ် ဒီးယက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားနှစ်ဦးစလုံးသည် အမေရိကန်က ပြည်ပ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသည့် ကိုလံဘီယာ မူးယစ်ဆေးဝါးဂိုဏ်းအတွက် ကိုကင်းများကို အမေရိကန်သို့ မှောင်ခိုတင်ပို့ရာတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
"ကျွန်တော့်ကို ဒီနိုင်ငံကနေ ခေါ်ထုတ်ပေးတဲ့အတွက် အမေရိကန်ကို ကျေးဇူးတင်ပါတယ်။ သူတို့ ကျွန်တော့်အသက်ကို ကယ်တင်လိုက်တာပါ" ဟု ထောင်ထဲတွင် မတရားပြုကျင့်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည့် ဘဲလ် ဖာနန်ဒက်စ်က ပြောကြားခဲ့သည်။
ကော်စတာရီကာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူထားသူ လိုဇာနို ဘိုနီလာသည်လည်း ဥရောပနှင့် အာရှသို့ ကိုကင်း တင်ပို့မှုများနှင့် ဆက်နွှယ်နေသည်ဟု စွပ်စွဲခံထားရသည်။
ဘဲလ် ဖာနန်ဒက်စ်နှင့် လိုဇာနို ဘိုနီလာ တို့နှစ်ဦးစလုံးအား ကျည်ကာအကျႌများနှင့် ကျည်ကာဦးထုပ်များဝတ်ဆင်ပေးကာ တင်းကျပ်သော လုံခြုံရေးခြံရံလျက် လေဆိပ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အဓိက မဟာမိတ်တစ်ဦးဖြစ်သူ ကော်စတာရီကာ လက်ယာယိမ်း သမ္မတ လော်ရာ ဖာနန်ဒက်စ် က မေလအတွင်း ကျင်းပခဲ့သည့် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဒုစရိုက်ဂိုဏ်းများကို ရင်ဆိုင်ရာတွင် လက်တွန့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ကတိပြုခဲ့သည်။
အဖြူရောင်သဲသောင်ပြင်များကြောင့် ထင်ရှားကျော်ကြားသည့် လူဦးရေ ၅ ဒသမ ၂ သန်းရှိသော ကော်စတာရီကာနိုင်ငံသည် ဗဟိုအမေရိကတွင် တည်ငြိမ်မှုနှင့် ဒီမိုကရေစီ၏ အိုအေစစ်တစ်ခုအဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသည်။
သို့သော် မကြာသေးမီနှစ်များအတွင်း ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပြီေ ဒေသတွင်း နယ်မြေလုပွဲများကို ပိုမိုဆိုးရွားစေခဲ့ကာ လူသတ်မှုနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ရသည်။
ဖာနန်ဒက်စ်၏ ယခင်သမ္မတဟောင်း ရိုဒရီဂို ချားဗက်စ်က ဦးဆောင်ပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကော်စတာရီကာတွင် ပြစ်မှုကျူးလွန်သူများကို ပြည်ပသို့ လွှဲပြောင်းပေးအပ်မှုများကို ခွင့်ပြုပေးခဲ့သည်။
Ref:AFP
Photos- Reuters