Eleven Media Group

အိန္ဒိယနိုင်ငံတွင် မြေအောက်လိုဏ်ခေါင်းလုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်ပွားပြီး လူ ခုနစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မြေအောက်လိုဏ်ခေါင်းတစ်ခု တည်ဆောက်နေချိန်တွင် မြေပြိုမှုတစ်ခုကြောင့် လိုဏ်ခေါင်းအတွင်း ရေနှင့် အပျက်အစီးများ စီးဝင်ခဲ့ပြီး အလုပ်သမား ခုနစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရှိခဲ့ကြောင်း အာဏာပိုင်များက ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုသည် ဩဂုတ် ၁၃ ရက်ညပိုင်းက ဟိမဝန္တာ တောင်တန်းဒေသဖြစ်သည့် ဥတ္တရာခန်း ပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် အလုပ်သမားများသည် နိုင်ငံပိုင် ရေအားလျှပ်စစ် စီမံကိန်းတစ်ခုအတွက် လိုဏ်ခေါင်း တည်ဆောက်နေကြခြင်း ဖြစ်သည်။

အနည်းဆုံး အလုပ်သမား သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး Tehri Hydro Development Corporation စီမံကိန်းနေရာမှ ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဒေသဆိုင်ရာ အာဏာပိုင်များ ထုတ်ပြန်သည့် ဗီဒီယိုများတွင် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ရေကြီးနေသော လိုဏ်ခေါင်း အစိတ်အပိုင်းသို့ ရောက်ရှိရန် လက်လုပ်ဖောင်များကို အသုံးပြုနေကြသည်ကို တွေ့ရသည်။

ဥတ္တရာခန်း ပြည်နယ်သည် လတ်တလော ရက်ပိုင်းအတွင်း သည်းထန်စွာ မိုးရွာသွန်းသည့် မုတ်သုံမိုးဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။

Ref:AFP

Photo:AFP

မူရင်းသတင်း — Eleven Media Group