Eleven Media Group

■ ပြင်သစ်တွင် အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲခွင့် ပိတ်ပင်သည့် ဥပဒေမူကြမ်း ပယ်ချခံရ

ပြင်သစ်နိုင်ငံတွင် အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာ သုံးစွဲခွင့်ကို ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးစေသည်ဟုဆိုကာ ပြင်သစ် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက ဩဂုတ် ၁၄ ရက်တွင် ပယ်ချခဲ့သည်။

ယင်းသည် အဆိုပါ ဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစိုးရအား ညွှန်ကြားထားသည့် သမ္မတ အီမန်နူအယ်လ် မက်ခရွန်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအရ အသက် ၁၅ နှစ်အောက် ကလေးများအား စက်တင်ဘာ ၁ ရက်မှစ၍ လူမှုကွန်ရက် အကောင့်အသစ် ဖွင့်လှစ်ခွင့်ကို ပိတ်ပင်မည်ဖြစ်သည်။ ဖွင့်ပြီးသား အကောင့်များကိုလည်း ပြင်သစ် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးအာဏာပိုင်အဖွဲ့မှ အတည်ပြုထားသော အသက်အကန့်အသတ် စိစစ်အတည်ပြုမှုများကို အသုံးပြု၍ လူမှုကွန်ရက် ပလက်ဖောင်းများက လေးလအတွင်း ပိတ်သိမ်းပေးရမည်ဖြစ်သည်။

ပြင်သစ် ဥပဒေပြုအမတ်များသည် ဇူလိုင်လတွင် အဆိုပါ ဥပဒေကြမ်းကို အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက Facebook၊ Snapchat၊ TikTok နှင့် YouTube အပါအဝင် ပလက်ဖောင်းများကို အသက် ၁၆ နှစ်အောက် သုံးစွဲခွင့်အား ကမ္ဘာ့ပထမဆုံး ပိတ်ပင်ခဲ့သည့် ဩစတြေးလျ၏ ခြေလှမ်းကို ဥရောပတွင် ပထမဆုံး လိုက်လံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပြင်သစ် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက အဆိုပါ ဥပဒေကြမ်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးစေသည်ဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group