
နော်ဝေတိုက်စစ်မှူး ဟာလန်း၏ မျက်နှာပုံပါသည့် ကိုကင်းထုပ် ၃၀၀ ကျော်ကို အီကွေဒေါရဲတပ်ဖွဲ့က မကြာသေးမီက သိမ်းဆည်းရမိခဲ့သည်။
ကိုကင်းထုပ်များတွင် ဟာလန်း၏ နာမည်နှင့် ရုပ်ပုံပါ စတစ်ကာများ ကပ်ထားပြီး ထရပ်ကားတစ်စီးအတွင်း ခိုးဝှက်သယ်ဆောင်လာကာ ၄၆၉ ဒသမ ၆ ကီလိုဂရမ်ရှိသည်ဟု သိရသည်။ ကိုကင်းအထုပ်ပေါင်း ၃၇၀ ခန့် တွေ့ခဲ့ရသည်။
ယခုဖြစ်စဉ်နှင့်ဆက်စပ်ပြီး ထရပ်ကားယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ယခုကဲ့သို့အဖြစ်မျိုး ဟာလန်းတစ်ဦးတည်း ကြုံဖူးခဲ့သည်မဟုတ်ပေ။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ၏ရုပ်ပုံကိုလည်း အခြားသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးအထုပ်တစ်ခုတွင် တွေ့ခဲ့ရဖူးသည်။
အီကွေဒေါသည် မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်ရေးအတွက် အရေးပါသည့် ဖြန့်ဖြူးရေးဗဟိုချက်ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးများကို အီကွေဒေါတွင် စုဆောင်းကာ အမေရိကန်ကို အဓိကထားဖြန့်ဖြူးပြီး ဥရောပနိုင်ငံများသို့လည်း တင်ပို့ကြသည်။
Ref: AP