
အာဂျင်တီးနားနိုင်ငံရှိ ပိတ်ထားသည့် လူဟန်တိရစ္ဆာန်ရုံတွင် နှစ်ပေါင်းများစွာ ကျဉ်းမြောင်းသည့် လှောင်အိမ်များအတွင်း အသက်ရှင်ရုံမျှသာ နေခဲ့ရသည့် ခြင်္သေ့နှင့်ကျား အကောင် ၃၀ ကို ဩဂုတ် ၁၄ ရက်တွင် စတင်ကယ်ဆယ်နေပြီဖြစ်သည်။ ၎င်းတို့ကို တောင်အာဖရိကနှင့် အမေရိကန်ရှိ တိရစ္ဆာန်ဘေးမဲ့တောများသို့ ပို့ဆောင်သွားမည်ဟု သိရသည်။
ယခုကယ်ဆယ်ရေးကို နိုင်ငံတကာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Four Paws က ကြီးကြပ်နေပြီး ခြင်္သေ့ခြောက်ကောင်နှင့် ကျားကိုးကောင်ကို တောင်အာဖရိကရှိ Lionsrock ဘေးမဲ့တောသို့ ပို့မည်။ ကျန်ခြင်္သေ့ ခုနစ်ကောင်နှင့် ကျားရှစ်ကောင်ကို အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ The Wild Animal Sanctuary ဘေးမဲ့တောသို့ ပို့မည်။
တိရစ္ဆာန်များကို သယ်ယူပို့ဆောင်ရေးသေတ္တာများထဲသို့ ကိုယ်တိုင်ဝင်နိုင်အောင် Four Paws ဝန်ထမ်းများက လေ့ကျင့်ပေးထားသော်လည်း အချို့အကောင်များကို ဆေးပေး၍ ငြိမ်သက်စေခဲ့ရသည်။
လူဟန်တိရစ္ဆာန်ရုံသည် လာရောက်လည်ပတ်သူများအား ခြင်္သေ့နှင့် ကျားများကို ကိုင်တွယ်ဓာတ်ပုံရိုက်ခွင့်ပေးသည့် နာမည်ကြီးတိရစ္ဆာန်ရုံဖြစ်ပြီး လုံခြုံရေးစိုးရိမ်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပိတ်သိမ်းခဲ့ရသည်။ ပိတ်လိုက်စဉ်က တောရိုင်းကြောင်မျိုးနွယ်ဝင် ၂၀၀ ခန့်ရှိခဲ့ပြီး Four Paws က ၂၀၂၃ ခုနှစ်တွင် စတင်ကူညီချိန် ၁၁၂ ကောင် ကျန်သေးသည်။ နောက်ထပ် နှစ်နှစ်အကြာတွင် ၆၂ ကောင်သာ ကျန်တော့သည်။
တိရစ္ဆာန်အချို့က အဝလွန်ခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကြောင့် ကောင်းကောင်းလမ်းမလျှောက်နိုင်တော့ပေ။ ယခုရွှေ့ပြောင်းမှုအပြီးတွင် လူဟန်တိရစ္ဆာန်ရုံ၌ ခြင်္သေ့နှင့် ကျား ၂၀ ကျော် ကျန်နေသေးပြီး ၎င်းတို့ရေရှည်နေထိုင်နိုင်မည့် နေရာများကို Four Paws က ဆက်လက်ရှာဖွေနေကြသည်။
Ref: AP
Photos: AP