
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပညာရှိသော ဦးဆောင်မှုအောက်တွင် ရုရှားနိုင်ငံသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဩဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
ကင်သည် ပူတင်ထံပေးပို့ခဲ့သည့် သဝဏ်လွှာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရုရှားနှင့်ခိုင်မာသောဆက်ဆံရေးအတွက် ဂုဏ်ယူမိကြောင်းလည်း ထပ်လောင်း ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်အား အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့ပြီးကတည်းက မြောက်ကိုရီးယားသည် ရုရှား၏ အဓိကမဟာမိတ် ဖြစ်လာခဲ့ပြီး ရုရှား၏ စစ်ပွဲအတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို စေလွှတ်ကူညီပေးခဲ့ကာ အပြန်အလှန်အနေဖြင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများကို ရရှိခဲ့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
ပူတင်ထံ ပေးပို့သော သဝဏ်လွှာတွင် ကင်က "ဘုံတိုက်ပွဲဝင်ခဲ့သည့် သမိုင်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားသော မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးကို သင်နှင့်အတူ ဦးဆောင်ကာ နှစ်နိုင်ငံဆက်ဆံရေး၏ ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်နိုင်သည့်အတွက် အမြဲတမ်း ဂုဏ်ယူမိပါသည်" ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
ပူတင်၏ ပညာရှိသော ဦးဆောင်မှုအောက်တွင် ရုရှားနိုင်ငံသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၎င်း၏ နယ်မြေပိုင်စိုးမှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သွားနိုင်မည်ဟု ခိုင်မာသော ယုံကြည်ချက်ရှိကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဩဂုတ် ၁၄ ရက်က ကင်မ်ထံ ပေးပို့ခဲ့သော သဝဏ်လွှာတွင် ပူတင်က နှစ်နိုင်ငံ ဆက်ဆံရေးသည် စံချိန်တင် မြင့်မားသည့် ပြည့်စုံကြွယ်ဝသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံများသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အာမခံနိုင်ရန် ပူးပေါင်းကြိုးပမ်းရင်း ကဏ္ဍစုံတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းဟု ပူတင်က ပြောကြားခဲ့သည်။
Ref; AFP