Eleven Media Group

ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လူကိုးဦး သေဆုံး

ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ၁၀၀၀ ကျော် ရေလွှမ်းမိုးခဲ့ပြီး လမ်းများနှင့် ရထားပို့ဆောင်ရေး လုပ်ငန်းများ ရပ်တန့်ခဲ့ပြီး လူ ကိုးဦး သေဆုံးခဲ့ကြောင်း NHK သတင်းဌာနက ဩဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ဩဂုတ် ၁၃ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှု သတိပေးချက်များနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးလေဝသခန့်မှန်းသူများက ချီဘဒေသအတွက် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးအဆင့် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါခရိုင်ရှိ မိုးလေဝသစခန်းတစ်ခုတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ စင်တီမီတာ (၁၂ လက်မနီးပါး) ရွာသွန်းခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး ယင်းသည် ဆယ်စုနှစ် ခြောက်ခုအတွင်း အဆိုပါဒေသ၌ သြဂုတ်လအတွင်း မိုးရေချိန် အများဆုံး ရွာသွန်းမှုဖြစ်သည်။

ဩဂုတ် ၁၄ ရက်တွင် ချီဘမြို့၌ ပုံမှန်အားဖြင့် သြဂုတ်လတစ်လလုံးတွင် ရွာသွန်းလေ့ရှိသည့် မိုးရေချိန်ထက် သုံးဆကျော် ပိုမိုရွာသွန်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရေလွှမ်းမိုးမှုများကြောင့် ကားအစီးရေ ၁၂၀၀ ခန့်သည်လည်း လမ်းများပေါ်တွင် ပိတ်ဆို့ခဲ့သဖြင့် အာဏာပိုင်များက အဆိုပါကားများကို ဖယ်ရှားခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group