Eleven Media Group

ဗီယက်နမ်ခရီးသည်လေယာဉ် စက်ပိုင်းပြဿနာကြောင့် လေထဲတွင် နှစ်နာရီကျော်ခန့် လှည့်ပတ်ပြီးနောက် မူလလေဆိပ်သို့ ပြန်လည်ဆင်းသက်

ဩဂုတ် ၁၅ ရက်က ဟနွိုင်းမြို့သို့ပျံသန်းမည့် ဗီယက်နမ်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း ပျံတက်ပြီးနောက် စက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပွားခဲ့သဖြင့် ဂျာမနီနိုင်ငံရှိ မြူးနစ်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ကြောင်း လေကြောင်းလိုင်းနှင့် လေဆိပ်တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

Boeing 787 အမျိုးအစား လေယာဉ်ဖြစ်ပြီး လေယာဉ်ပျံသန်းမှု ခြေရာခံဝက်ဘ်ဆိုက်ဖြစ်သည့် Flightradar24 ဖော်ပြချက်အရ လေယာဉ်ပျံတက်စဉ် ပြေးလမ်းအဆုံးကို ကျော်လွန်သွားခဲ့ပြီးနောက် လေယာဉ်ဆီ လောင် ကျွမ်းစေရန် လေထဲတွင် နှစ်နာရီကျော်ခန့် လှည့်ပတ်ပျံသန်းခဲ့ရသည်။

ဗီယက်နမ်လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် လေယာဉ်ပျံတက်ပြီးနောက် စက်ပိုင်းဆိုင်ရာ ပြဿနာကြုံကာ မူလထွက်ခွာခဲ့သည့် လေဆိပ်သို့ပင် ပြန်ဆင်းသက်ခဲ့ကြောင်း ထုတ်ပြန်ထားကာ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

မြူးနစ်လေဆိပ်တွင် လေယာဉ်ဆင်းသက်ပြီးနောက်လည်း ပုံမှန်အတိုင်း ပြေးလမ်းပေါ်မှ ရွှေ့ထွက်နိုင်ခြင်း မရှိသဖြင့် မြောက်ဘက်ပြေးလမ်းကို ပိတ်လိုက်ရကာ အခြားလေယာဉ် အဆင်းအတက်များကို တောင်ဘက် ပြေးလမ်းမှတစ်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ရကြောင်း မြူးနစ်လေဆိပ်က ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်လေကြောင်းလိုင်း၏ထုတ်ပြန်ချက်တွင် လေယာဉ်အမှုထမ်းများက သတ်မှတ်လုပ်ထုံးလုပ်နည်းများ အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီး မြူးနစ်လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်ဟု ဆိုထားသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group