Eleven Media Group

တောမီး အရွယ်အစားကြီးလာသောကြောင့် ဘယ်ဂျီယမ်က လေကြောင်းအကူအညီကို အားကိုးနေရ

လွန်ခဲ့သော ၂၄ နာရီအတွင်း အရွယ်အစား နှစ်ဆဖြစ်လာခဲ့ပြီးနောက်​ ဘယ်ဂျီယမ်၌ ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံးတောမီးကို ငြှိမ်းသတ်နေကြရသော မီးသတ်သမားများသည် သွားလာရခက်ခဲသည့် သဘာဝဘေးမဲ့တော၌ တောမီးကို ထိန်းချုပ်ရန်သြဂုတ် ၁၆ ရက်တွင် အရေးပါသည့် လေကြောင်းအကူအညီကို အားကိုးနေကြသည်။

​ဂျာမနီနယ်စပ်အနီးရှိ High Fens အမျိုးသားဥယျာဉ်အတွင်း မီးလောင်ကျွမ်းမှုအခြေအနေမှာ စိန်ခေါ်မှုရှိနေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရ၏ ဩဂုတ် ၁၆ ရက်နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပြီး ညဥ့်နက်ပိုင်းအထိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၂၅၀ ကျော် ပါဝင်ငြှိမ်းသတ်ခဲ့ကြသည်။

လောင်ရသည်အကြောင်းရင်းများကို မသိရဘဲ မီးစတင်လောင်ကျွမ်းသော‌နေ့ဖြစ်သည့် ဩဂုတ်၁၄ ရက်တွင် ၈၀ ဟက်တာခန့်လောင်ခဲ့ရာမှ ဩဂုတ် ၁၅ ရက်နံနက်ပိုင်းတွင် ၈၅၀ ဟက်တာအထိ မြင့်တက်သွားခဲ့ပြီး ဩဂုတ် ၁၆ ရက် စောစောပိုင်းတွင်မူ ဟက်တာ ၃,၀၀၀ (ဧက ရ,၅၀၀) အထိ ကူးစက်‌လောင်ကျွမ်းခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

​ယခု တောမီးသည် ပူပြင်းသည့် အပူလှိုင်းနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ၁၉၁၁ ခုနှစ်က မီးလောင်ကျွမ်းခဲ့ဖူး သည့် အကြမ်းမခံနိုင်သောမြေ‌ဆွေးမြေများနှင့် တင်းရှူးတောများတွင် လောင်ခြင်းဖြစ်သည်။ ယခုတောမီးသည် ထို့နောက်ပိုင်းဘယ်ဂျီယမ်တွင်အကြီးမားဆုံး တောမီးဖြစ်သည်။

​ဂျာမနီနယ်စပ်အနီးရှိ ဧရိယာတစ်ခုလုံးကိုအဝါရောင်သန်း‌နေသောမီးခိုးလုံးကြီးများက ဖုံးလွှမ်းထားပြီး မီးလောင်ပြင်အနီးရှိ ကျေးရွာနှစ်ရွာရှိ ဒေသခံအချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

​လက်ရှိအချိန်အထိ နေအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိသေးသော်လည်း မီးညွန့်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

သြဂုတ် ၁၆ ရက် လေကြောင်းပြောင်းလဲမှုများက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ပိုမိုခက်ခဲစေခဲ့ပြီး မီးလောင်ပြင်နေရာအများအပြားတွင် မီးကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဟုအာဏာပိုင်များကပြောကြားသည်။

​မီးငြှိမ်းသတ်ရေးလုပ်ငန်းတွင် ဘယ်ဂျီယမ်နိုင်ငံတစ်ဝန်းနှင့် ဂျာမနီနိုင်ငံတို့မှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်ကူညီနေကြပြီး ခေတ်မီ မီးသတ်ယာဉ်များဖြင့် ငြှိမ်းသတ်နေသည်ဟု သိရသည်။

Ref:AFP

AFP photos

မူရင်းသတင်း — Eleven Media Group