
အမေရိကန်စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ၏ အရေအတွက်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရာထူးလျှော့ချမှုများသည် ယခင် အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် ယဉ်ကျေးမှု သို့မဟုတ် လူမှုရေးဆိုင်ရာမူဝါဒများထက် စစ်ရေးစွမ်းရည် တိုက်ခိုက်ရေးအပေါ်တွင်သာ စစ်တပ်က အဓိက အာရုံစိုက်လုပ်ဆောင်ရန် မိမိ၏ ကြိုးပမ်းအားထုတ်မှုများကို လက်မခံဘဲ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည့် အရာရှိများကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဟက်ဆက်က ပြောကြားခဲ့ပြီး ယင်းလျှော့ချမှုကို အောင်မြင်မှုတစ်ရပ်အဖြစ် ဖော်ပြခဲ့သည်။
"စာရင်းဇယား တွက်ချက်သူတွေရဲ့ အဆိုအရ ကျွန်တော်တို့ဟာ စစ်တပ် တစ်ခုလုံးက ဗိုလ်ချုပ်ကြီးတွေနဲ့ ရေတပ်ဗိုလ်ချုပ်ကြီးတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်" ဟု ကွမ်တီကိုစစ်စခန်းရှိ တပ်ဖွဲ့ဝင်များကို ပြောကြားရာတွင် ဟက်ဆက်က ထည့်သွင်းပြောကြားခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးနေရာ စုစုပေါင်းကိုလည်း နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံ လျှော့ချခဲ့သည်ဟု ဆိုသည်။
"ဟုတ်ပါတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀ ရာခိုင်နှုန်း လျှော့ချခဲ့တာပါ။ မီဒီယာတွေကတော့ ဒါကို ဖယ်ရှားရှင်းလင်းမှုလို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကို တာဝန်ယူမှု၊ တာဝန်ခံမှုလို့သာ ခေါ်ဆိုပြီး ဒါဟာ ဟိုအရင်ကတည်းက လုပ်ဆောင်သင့်ခဲ့တာပါ" ဟု ၄င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း ထိပ်တန်းအရာရှိများကို ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် အမေရိကန် စစ်တပ်သည် အဆီပိုများလွန်းကြောင်း၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ လွန်ကဲသော အယူအဆများအပေါ်တွင်သာ အလွန်အမင်း အာရုံစိုက်နေပြီး ကြီးမားသော ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေကြောင်း ဟက်ဆက်က ပြောကြားခဲ့ဖူးသည်။
လွန်ခဲ့သည့်နှစ်က ပြောခဲ့ဖူးသည့် မိန့်ခွန်းကို အကောင်းမြင်ခဲ့ကြသည့် အဆင့်မြင့်အရာရှိများသည် အာရုံစိုက်မှုအသစ်၊ အာဏာပေးအပ်မှုအသစ်နှင့် စည်းကမ်းသေဝပ်မှုအသစ်များရှိသည့်တပ်ဖွဲ့ဝင်များကို ဦးဆောင်နေပြီဖြစ်ပြီး ထိုသို့မလုပ်ဆောင်ခဲ့ကြသူများသည် စစ်တပ်တွင် မရှိတော့ကြောင်း ဟက်ဆက်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ လူမှုရေးဝါဒ ဦးစီးဌာန ဒါမှမဟုတ် အားနည်းတဲ့ ဌာနတစ်ခု မဟုတ်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင်တော့ အဆီပိုများသူမပါ၊ လိင်ပြောင်းထားသူမပါ၊ မုတ်ဆိတ်မွှေးရှည်သူမပါ၊ ထူးဆန်းသူမပါ၊ အားနည်းပျော့ညံ့သူမပါ၊ အစွန်းရောက်သူမပါပါဘူး။ ကြံ့ခိုင်မာကြောပြီး အဆင်သင်ဖြစ်နေတဲ့ ပြတ်သားတဲ့စစ်သည်တော်တွေသာ ရှိပါတော့တယ်" ဟု ဟက်ဆက်က ပြောကြားခဲ့သည်။
ဟက်ဆက်သည် ၂၀၂၅ ခုနှစ် မေလအတွင်းက ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ၏ စုစုပေါင်း အရေအတွက်ကို ၁၀ ရာခိုင်နှုန်း လျှော့ချခြင်းနှင့် ကြယ်လေးပွင့်အဆင့်ရှိ ရာထူးများကို ၂၀ ရာခိုင်နှုန်း လျှော့ချခြင်း အပါအဝင် အမေရိကန် စစ်တပ်အတွင်း အဓိကကျသော ရာထူးလျှော့ချမှုများကို အမိန့်ပေး လုပ်ဆောင်ခဲ့သည်။
၂၀၂၅ ခုနှစ် မေလကုန်ဆုံးချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သော အမေရိကန် ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ ၈၃၁ ဦး ရှိခဲ့သော်လည်း၊ နောက်ဆုံးရရှိနိုင်သော ၂၀၂၆ ခုနှစ် ဇူလိုင်လ ကုန်ဆုံးချိန်အထိ ပင်တဂွန်၏ ကိန်းဂဏန်း အချက်အလက်များအရ ထိပ်တန်းအရာရှိများမှာ ပိုမိုများပြားလာခဲ့ပြီး စုစုပေါင်း ၈၅၁ ဦးအထိ ရှိလာကြောင်း ပြသနေသည်။
Ref: AFP